မီတာခ ဆိုကာ ကျောင်းသားများထံမှ ကောက်ခံခဲ့သော ငွေများ ပြန်ပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။

မြိတ်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ထံမှ ကောက်ခံခဲ့သည့် လျှပ်စစ်မီးမီတာခများကို ပြန်ပေးခဲ့သည်ဟု မိဘအုပ်ထိန်းသူများနှင့် ဆရာမများက ပြော သည်။

ကျောင်းတွင် လျှပ်စစ်မီတာခ အကြွေးပေးဆပ်ရန်ဟု ဆိုကာ ပြီးခဲ့သည့် အောက်တိုဘာဆန်းပိုင်းက ကျောင်းသား တစ်ဦးကို ၅၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံခဲ့သည့်ငွေကို ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့တို့ က ပြန်ပေးခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်မီတာခများ ကောက်ခံပြီးသည့်နောက် ကျောင်းသားမိဘများအကြား ဝေဖန်ပြောဆိုမှုများရှိခဲ့သည့်အပြင် လူမှုကွန်ယက်စာမျက်နှာများတွင် ဖေါ်ထုတ်ရေးသားမှုများကြောင့် တာဝန်ရှိသူများက ကျောင်းအုပ် ဆရာမကြီး အား နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်ဟု ဆရာမတစ်ဦးက ပြောသည်။

ထိုသို့ စစ်ဆေးခံရကြောင်း သတင်းများထွက်ပေါ်ပြီးနောက် နိုဝင်ဘာလ ၆ ရက်နေ့တွင် အ.ထ.က (၁) ကျောင်း ၏ ပညာ့ ဗိမာန်ခန်းမတွင် မိဘအုပ်ထိန်းသူများအား ခေါ်ယူကာ အစည်းအဝေးပြုလုပ်ခဲ့ကြသည်။

ထိုအစည်းအဝေးတွင် ကျောင်းသားများထံမှ ကောက်ယူထားသည့် စာရင်းများအတိုင်း ငွေပြန်အမ်းပေးခဲ့သည်ဟု ကိုယ်တိုင် သွားရောက်ယူခဲ့သူ ကျောင်း သားမိဘတစ်ဦးက ပြောသည်။

ကျောင်းသားမိဘတစ်ဦးက “ကျောင်းမှာ လျှပ်စစ်မီတာခ အကြွေး ကျပ်သိန်း ဆယ်ချီပြီးတင်နေတဲ့ အကြောင်း အရင်းနဲ့ လက်ရှိ မီးခ တစ်လကို ရှစ်သိန်းကျော် ကုန်ကျနေတဲ့အကြောင်းတွေကို ကျောင်းအကျိုးတော်ဆောင် တွေက ရှင်းပြတယ်။ ဒါပေမယ့် နောက်ဆိုရင်လည်း အခုလိုမျိုးကောက်ခံတာတွေ မလုပ်တော့ဘူးလို့ ကျောင်း အုပ် ဆရာမကြီးကလည်း အစည်းအဝေးမှာ ပြောပါတယ်” ဟု ပြောသည်။

အစည်းအဝေး ပြီးဆုံးချိန်တွင် မိဘအုပ်ထိန်းသူများ နှင့်ဆရာ ဆရာမများအား ကောက်ခံထားသည့် မီတာခ ငွေများကို ပြန်အမ်းပေးကာ မိဘများအား ငွေလက်ခံရရှိမှုကို လက်မှတ်ထိုးစေခဲ့သည်။

စစ်ကောင်စီမှ ကျောင်းအထွေထွေ အသုံးစရိတ် ဘတ်ဂျက်ငွေများ ချပေးရာတွင် ကျောင်းသုံး လျှပ်စစ်မီတာခကို ရန်ကုန်တိုင်းမှ ယူနစ်ဈေးနှုန်းနှင့် တွက်ချက်ချပေးသဖြင့် မီတာခအကြွေးတင်လာရခြင်း ဖြစ်သည်ဟု ဆိုကာ အောက်တိုဘာလ ဒုတိယပတ်တုန်းက ကျောင်းသားမိဘများထံမှ လျှပ်စစ်မီတာခကို ကောက်ခံခဲ့ခြင်း ဖြစ်သည်။

သို့သော် နိုဝင်ဘာလ ပထမပတ်တွင် ကျောင်းသားမိဘများ အစည်းအဝေးခေါ်ယူ၍ အဆိုပါ ကောက်ခံရရှိသော ပိုက်ဆံများကို ပြန်ပေးအပ်ခဲ့ရာ မည်သည့်အကြောင်းအရင်းကြောင့် ယခုကဲ့သို့ ပြန်ပေးသည်ကိုမူ အတိအကျ ပြောဆိုခြင်း မရှိဘူးဟု ဆိုကြသည်။

မြိတ်မြို့ပေါ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၆) ကျောင်းရှိသည့် အနက် အ.ထ.က (၁) ကျောင်းသည် ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၀၀ ကျော်ရှိပြီး စာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမ အယောက် ၁၅၀ ဦး ဝန်းကျင်ခန့် ရှိနေသဖြင့် ကျောင်းသားဦးရေ အများဆုံးရှိသည့် အထက်တန်းကျောင်းတစ်ကျောင်း ဖြစ်သည်။