အုပ်ချုပ်ရေးမှူးပိုင် ရေခဲပုံးအလွတ်များကို ပြည်သူ့ ကာကွယ်ရေး အဖွဲ့များ မီးရှို့ဖျက်ဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးပိုင် ရေခဲပုံးအလွတ်များကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
အောက်သရက်ချောင်းကျေးရွာနှင့် ပိတောက်ကြီးကျေးရွာ အကြားတွင် ကျောက်ဆည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်၏ ငါးပုဇွန် ရေထွက်ကုန်ပစ္စည်းများ ထည့်သည့် ၂၀၀ လီတာဝင် ရေခဲပုံး ရှစ်လုံး မီးရှို့ဖျက်ဆီးခံရ ခြင်း ဖြစ်သည်။
ဦးဝင်းမောင်က “အခု မီးရှို့ခံရတဲ့ ရေခဲပုံးအသစ် တစ်လုံးကို ငွေ ၃ သိန်းလောက် တန်ကြေးရှိပါတယ်။ PDF တွေ နဲ့လည်း ရန်ငြိုးမရှိသလို ပြဿနာလည်း မရှိဖူးတာကြောင့် ဒီလုပ်ရပ်က လက်ခံနိုင်စရာမရှိပါဘူး” ဟု ပြော သည်။
ထားဝယ် – မြိတ်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ သွားလာနေသည့် ယာဥ်များတွင် စစ်ကောင်စီ ထုတ် ကုန် ပစ္စည်းများ တင်ဆောင်လာခြင်း ရှိမရှိ ရှောင်တခင် စစ်ဆေးနေချိန် ဦးဝင်းမောင်၏ ပစ္စည်းများအား ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သရက်ချောင်းတောင်ပိုင်း (TYC-PDF )၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရုပ်သံနှင့်တကွ သတင်းထုတ်ပြန်ထားသည်။
ဦးဝင်းမောင်သည် သရက်ချောင်းမြို့ အောက်ဘက်ခြမ်းရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလှေများထံမှ ရေထွက်ကုန်
ပစ္စည်းများကို စစ်ကောင်စီ ကြည်းတပ်၊ ရေတပ်များနှင့် ပေါင်း၍ ဈေးနှိမ်ဝယ်ယူနေခြင်းများနှင့် မရောင်းချပေး သည့် လှေများကိုလည်း စစ်တပ်ထံ တိုင်ကြားကာ ဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်နေသဖြင့် ယခုကဲ့သို့ သတိပေး မီးရှို့ဖျက်ဆီးခဲ့ရခြင်း ဖြစ်ကြောင်း တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီခန့် ပဲဒက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝေကို ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း သိန်းငှက် ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ဦးဝင်းမောင်၏ ဦးလေးတော်စပ်သူ ကျောက်ဆည်ကျေးရွာမှ ပျူစောထီး ခေါင်းဆောင် ဦးတိုးဝင်းနှင့်ဇနီး တို့ကိုလည်း စက်တင်ဘာလ အတွင်းကလည်း ပစ်ခတ်ရှင်းလင်းခဲ့ကြ သေးသည်။