လေတပ်မှ တပ်ကြီးတစ်ဦး ပုလော ပကဖထံ အလင်းဝင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်။
ပုလောမြို့သို့ ခွင့်ယူပြီးပြန်လာသည့် စစ်ကောင်စီ ရေတပ်က တပ်ကြပ်ကြီးတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ သည်ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက ပြောသည်။
အလင်းဝင်ရောက်လာသူမှာ ရန်ကုန်တိုင်း သန်လျင်မြို့အခြေစိုက် လွန်းကျင်းဌာန၊ ရေတပ်သင်္ဘောကျင်းဌာန ချုပ် (သီလဝါ) မှ အသက် ၂၃ နှစ်အရွယ် တပ်ကြပ်ကြီး အောင်ကျော်မျိုးဖြစ်ပြီး ပုလော ပြည်သူ့ကာကွယ်ရေး တပ်ထံသို့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ခိုလှုံလာခဲ့ခြင်း ဖြစ်သည်။
တပ်ကြပ်ကြီး အောင်ကျော်မျိုးသည် ၂၀၁၉ ခုနှစ် နိုဝင် ဘာလမှစပြီး စစ်ကောင်စီ၏ ရေတပ်သင်္ဘောကျင်းတွင် စတင်၍ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ပုလောပြည်သူ့ကာကွယ်ရေးတပ် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက “အခု အလင်းဝင်တဲ့ တပ်ကြပ် ကြီးက ခွင့်ဆယ်ရက်ယူပြီး ပြန်လာတာ။ သင်္ဘောကျင်းကဆိုတော့ တိုက်ပွဲတွေမှာ မပါဖူးဘူးလို့ သိရတယ်။ အလင်းဝင်လာချိန် လက်နက်လည်း ပါမလာဘူး။ သူက နိုဝင်ဘာ ၁၉ ရက်နေ့မှာ အမှတ် (၁) တပ်ရင်းနဲ့ အဆက် အသွယ်ရယူပြီး နောက်တစ်ရက်မှာ အလင်းဝင်လာတာပါ” ဟု ပြောသည်။
လက်ရှိတွင် အလင်းဝင်လာသူအား လုံခြုံသည့်နေရာ၌ ကောင်းမွန်စွာ ကူညီဆောင်ရွက်ပေးထားပြီး အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနှင့်အညီ ဆက်လက်လုပ်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပုလော ပကဖ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက ဆိုသည်။
ပုလောပြည်သူ့ကာကွယ်ရေးတပ်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းသို့ ဆက်သွယ်၍ အလင်းဝင်ထားသူ စစ်ကောင် စီ တပ်ဖွဲ့ဝင်များမှာ ၂၀၂၂ ခုနှစ်တွင် ၁ ဦး နှင့် ၂၀၂၃ ခုနှစ်တွင် တပ်ကြပ်ကြီး အောင်ကျော်မျိုး အပါအဝင် ၂ ဦး စုစု ပေါင်း ၃ ဦးရှိပြီ ဟု ဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးသည့်နောက် တနင်္သာရီတိုင်းအတွင်း CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် ရဲနှင့် စစ်သား ၂၃၇ ဦး ရှိပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။