ညောင်ရွှေရောက် ကရင်နီ စစ်ဘေးရှောင်များ အကူအညီ လိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ရောက်ရှိနေသည့် ကရင်နီ စစ်ဘေးရှောင် အယောက် ၂,၅၀၀ ကျော်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု မြို့နေ ပြည်သူများက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ နိုင်ဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်လိုက်သည့် ၁၁.၁၁ စစ်ဆင်ရေးကြောင့် ကရင်နီပြည်၊ လွိုင်ကော်မြို့နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲတို့မှ ပြောင်းရွှေ့လာကြသူများ ဖြစ်ပြီး စားဝတ် နေရေးအပြင် အခြား အကူအညီများစွာ လိုအပ်နေခြင်း ဖြစ်သည်။

ကူညီဆောင်ရွက် ပေးနေသူ တစ်ဦးက “ရပ်ကွက်ထဲ ငှားနေသူတွေက ပြေလည်ကြလိမ့်မယ်။ စခန်းမှာတော့ မပြေလည်သူတွေပဲ လာနေကြတာ။ အခုတော့ ချက်ကျွေးတဲ့ အဖွဲ့တွေ ရှိတယ်။ ညောင်ရွှေမှာက အမြဲ ဝေယျာ ဝစ္စလုပ်တဲ့ အဖွဲ့တွေ ရှိတော့ ရပ်ကွက်တွေက ညီကြတယ်။ တစ်ခုပဲပေါ့။ ညောင်ရွှေက မြို့ငယ်လေး ဖြစ်တယ်၊ လူလတ်တန်းစားများတော့ ငွေကြေးနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ အဓိက လိုနေတာပါ။ လူအင်အားကတော့ ကျနော် တို့ ရှိပါတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်များ အနေဖြင့် ငွေကြေးအပြင် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ စသည့် ချက်ပြုတ်ဖွယ်ရာများ အပြင် ဆောင်းတွင်းဝတ် အနွေးထည်များ၊ အဝတ်အစားနှင့် စောင်များ လိုအပ်နေသည်ဟု ဆိုသည်။

ထို့အပြင် ရောက်ရှိလာသည့် စစ်ဘေးရှောင်များ အထဲတွင် သက်ကြီးရွယ်အို၊ နာတာရှည် မလှုပ်ရှားနိုင်သည့် ရောဂါသည်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ မသန်စွမ်းများ၊ လက်နက်ကြီး ထိမှန်ထားသူများလည်း ပါဝင်ပြီး ဆေးဝါး အကူအညီများလည်း လိုအပ်နေသည်ဟု ကူညီပေးနေသူများက ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ ရောက်ရှိလာသော စစ်ဘေးရှောင် အရေအတွက်မှာ ၂၅၀၀ ကျော်အထိ ရှိနေပြီ ဖြစ်သည့်အပြင် နောက်ထပ် ရောက်လာမည့် သူများလည်း ကျန်ရှိနေသေးသည်ဟု ကူညီဆောင်ရွက် ပေးနေသူ တစ်ဦးက ဆက်ပြောသည်။

“ဆက်သွယ်လာတာတွေ ရှိပါတယ်။ တစ်ချိန်လုံး ဆိုင်ကယ်နဲ့ ဝင်နေကြပါတယ်။ တော်တော်များများ ကားနဲ့ လာကြဖို့ အဆင်မပြေပါဘူး။ တချို့က ဘယ်သွားရမှန်း မသိဘဲ လမ်းဘေး အိပ်နေကြလို့ ကျနော်တို့ ခေါ်လာ ပေးရတာတွေလည်း ရှိပါတယ်။”

ညောင်ရွှေမြို့တွင် မြို့မရန်ကုန်ကျောင်း၊ မဟာရန်အောင်စေတီ၊ ရွှေချမ်းသာဘုရား၊ ကန်သာမြို့ဦးဓမ္မာရုံ၊ ဆရာ ကြီး ဦးတင်မောင်ဝေ ပရဟိတ္တ၊ နှစ်ကျိပ်ရှစ်ဆူဘုရား၊ ရွှေဇာလီဘုရား စသည်ဖြင့် စစ်ဘေးရှောင်စခန်း ၇ ခုရှိပြီး ရပ်ကွက် အတွင်းရှိ အိမ်ငှားနေထိုင်သူများလည်း ရှိသည်ဟု ညောင်ရွှေက စစ်ရှောင်များကို ကူညီပေးနေသူများ က ပြောသည်။