မြစ်ကြီးနားတွင် ကုန်စျေးနှုန်းများ ဆက်တက်နေဆဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်။

မန္တလေး- မြစ်ကြီးနားလမ်း ပိတ်ထားသည်များ ပြန်ဖွင့်ပေးလိုက်သော်လည်း ကချင်ပြည်နယ်၊ မြို့တော် မြစ်ကြီး နားတွင် အခြေခံစားသောက်ကုန်များ စျေးမကျသေးဘူးဟု မြို့ခံများက ပြောသည်။

ပိတ်ထားသည့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီး၏ လမ်းပိုင်း အချို့ကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးလိုက်သော်လည်း ယနေ့အချိန်ထိ မြစ်ကြီးနားမြို့တွင် ကုန် စျေးနှုန်းများကျသွားခြင်း မရှိသေးဘူးဟု ဆိုသည်။

မြစ်ကြီးနားမြို့ခံ တစ်ဦးက “ကုန်ဈေးနှုန်းကတော့ တက်တယ်။ အခုပဲပြောနေကြတာ ခရမ်းချဉ်သီးသွားဝယ်တာ တစ်ပိဿာ တစ်သောင်းခွဲ တက်သွားတာ။ အခုက တချို့လိုချင်တာဆို မရတော့ဘူး။ ပိုက်ဆံရှိရင်တော့ ဝယ်လို့ မရတော့တဲ့ အခြေအနေ တချို့ကလည်း မရောင်းပေးကြတော့ဘူး၊ ဓာတ်ဆီ ရေသန့်ဗူး တစ်ဗူး ၅ထောင် လမ်း ဘေးဆိုင်တွေပဲ ရောင်းတော့တယ်။ ဆီဆိုင်အကြီးတွေက မရောင်းတော့ဘူး” ဟု ပြောသည်။

လက်ရှိ မြစ်ကြီးနားမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀၊ စားဆီ ၁ လီတာ ၂၀,၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၉၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၅,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၆,၀၀၀ ကျပ် နှင့် ကြက်သွန်ဖြူ တစ်ပိဿာ ၂၀,၀၀၀ ကျပ် စျေးရှိနေသည်။

မြစ်ကြီးနားမြို့က ကုန်ဈေးနှုန်းအခြေအနေနှင့် ပတ်သက်၍ မြို့သစ်ကြီးမှ ဒေသခံတစ်ဦးက “ဟုတ်တယ် ကုန်း ဈေးနှုန်းက ဆက်တက်နေသေးတယ်ဆိုတာ။ ဆန်းဈေးတက်တာ ကြာပြီ အခုက ၂ သိန်းနီးပါးအထိ တက်နေပြီ။ ဆန်အမျိုးအစားလိုက်ပဲ ဈေးကွာတယ်။ စားဆီလည်းတက်တယ်။ ၁ ပိဿာ တစ်သောင်းကျော်တယ်။ ဒီအင် တာနက် ဝိုင်ဖိုင်တွေကလည်း အခုထိ မရသေးဘူး” ဟု ပြောသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ စကပြီး ကချင်နှင့် စစ်ကိုင်းတိုင်းထဲရှိ ပြည်ထောင်စုကားလမ်းပိုင်းပေါ်က နဘား၊ ပင်ဝယ် နှင့် နန့်တဲ နေရာများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် စစ်ကိုင်းအစပ်က ကသာ၊ ထီးချိုင့်နှင့် အင်းတော်ဒေသ များထဲရှိ လမ်းပိုင်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က စစ်ရေးအခြေအနေအရ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပိတ်ထားရာမှ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် လမ်းပိုင်းအချို့အား ပြန်လည်ဖွင်ပေးလိုက်သော်လည်း ကုန်စျေး နှုန်းများ ယနေ့အချိန်ထိ မကျသေးသလို၊ မြစ်ကြီးနားမြို့တွင် စက်သုံးဆီစျေးနှုန်းကလည်း ဆက်တက်နေပြီး ယခင်ကကဲ့သို့ လိုသလောက် ဝယ်၍ မရသေးဘူးဟု ဆိုကြသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ် PDF တို့ကြား စစ်ရေးတင်းမာနေခြင်းကြောင့်လည်း မြစ်ကြီးနား – ဖားကန့်လမ်းကို ပိတ်ထားခဲ့ရာမှာ နိုဝင်ဘာလ ၂၂ ရက်နေ့ နောက်ပိုင်းက စတင်၍ ပိတ်လိုက် ဖွင့်လိုက်နှင့် တိုက်ပွဲအခြေအနေ၊ စစ်ရေးအခြေအနေကို စောင့်ကြည့်ပြီးသွားလာနေရသည်ဟု ဒေသခံများက ပြောသည်။

မြစ်ကြီးနားဒေသခံ အမျိုးသားတစ်ဦးက “အစတော့ မြစ်ကြီးနားကို ဆက်တဲ့လမ်းတွေ အကုန်ပိတ်ထားတာ။ မန္တလေး – မြစ်ကြီးနားလမ်း၊ ဖားကန့် – မြစ် ကြီးနား လမ်းကော ပိတ်ထားတာဟုတ်တယ်။ စစ်ကိုင်းဘက်မှာ စစ်ဖြစ်နေလို့ပြောတယ်၊ သူငယ်ချင်းတစ် ယောက်တောင် အဲ့လမ်းမှာ ပိတ်မိသွားသေးတယ်။ အခုတော့ တချို့ နေရာတွေက ပြန်ဖွင့်ပေးတော့ သွားလာလို့ တော့ရနေပြီ။ အခြေအနေကို ကြည့်သွားရတာပေါ့။ ဒီနောက်ပိုင်း မြစ်ကြီးနားက အမှောင်ချထားသလို လမ်းတွေ ရော အင်တာနက် ဝိုင်ဖိုင်တွေရောအကုန် ဖျက်ချထားခံနေရ တယ်” ဟု ပြောသည်။

မြစ်ကြီးနားမြို့တွင် MPT၊ Oredoo၊ Mytel စသည့် ဖုန်းလိုင်း၊ အင်တာနက် Wifi လိုင်းများကို ဖြတ်တောက်ထားပြီး ATOM အင်တာနက်လိုင်းတစ်ခုကရကြောင်း ဒေသခံများကပြောသည်။ ထိုသို့ ဖြတ်ထားခြင်းကြောင့် အင်တာနက် ဒေတာ လိုင်းရနေသည့် ATOM ဆင်းကဒ်နှင့် ဖုန်းဘေလ်များ ဈေးတက်သွားသည်ဟု ဒေသခံများက ပြောသည်။

အထက်ပါ မြစ်ကြီးနားဒေသခံ အမျိုးသားက “Atom ဘေလ်က တစ်ထောင်တန်ကို တစ်ထောင့်တစ်ရာ ပေးဝယ်ရ တယ်၊ ကဒ်ဆို ဆိုင်မှာမရှိတော့ဘူး အစပိုင်းက။ တခြား လိုင်းမရတော့ အကုန် Atom ပြောင်းသုံးကြတော့တာ တခြားကဒ်တွေကမရဘူး အခုထိပဲ။ အခုက ဖုန်းလိုင်းတော့ရပြီး အင်တာနက်လိုင်းမရဘူး” ဟု ဆက်ပြောသည်။

မြစ်ကြီးနားမြို့သို့ အဓိကအနေဖြင့် အခြေခံစားသောက်ကုန်များအား မန္တလေး တို့ဘက်မှ တင်သွင်းပြီး အဓိကုန် သွယ်လမ်းအနေဖြင့် ကုန်းလမ်းကားလမ်းတစ်ခုတည်းသာ အသုံးပြုကြခြင်း ဖြစ်သည်။

အလားတူ ဗန်းမော်မြို့တွင်လည်း စက်သုံးဆီများ ပြတ်နေပြီး ဆီပန့်ဆိုင်အများစုများ ယနေ့အချိန်ထိ ပိတ်ထားဆဲ ဖြစ်သည်။ ဖွင့်ထားပေးသည့် ဆီပန့်ဆိုင်အချို့တွင်လည်း စက်သုံးဆီဝယ်ယူရရှိနိုင်ရေး ကြိတ်ကြိတ်တိုး လုယက် ဝယ်ယူနေကြရသည်ဟု ဗန်းမော်ဒေသခံအချို့က ပြောသည်။

ဓါတ်ပုံ – ပုံဟောင်း (Myitkyina District Info Committee NLD)