၁၀၂၇ စစ်ဆင်ရေးထဲ အရှုံးတွေ ဆက်တိုက် ရင်ဆိုင်နေရသော စစ်ကောင်စီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။
၁၀၂၇ စစ်ဆင်ရေးထဲ အရပ်သား ထိခိုက်သေဆုံးမှု၊ အရပ်သားနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေက တရက်ထက်တရက် ပိုများလာပါတယ်။
စစ်တပ်ဘက်က အရေးနိမ့်လာတာနဲ့ တပြိုင်နက် လေကြောင်းပစ်ကူတွေကို ခပ်စိပ်စိပ် သုံးလာပါတယ်။
တရုတ်-မြန်မာ နယ်စပ်က တိုက်ပွဲတွေရဲ့ အဓိက တရားခံဟာ စစ်ကောင်စီ ဖြစ်တယ်လို့လည်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ပြောဆိုထားသလို၊ ၁၀၂၇ စစ်ဆင် ရေးနဲ့အတူ မြို့သိမ်းတိုက်ပွဲတွေကို အရှိန်အဟုန် မြင့်ပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ NUG က ထုတ်ပြန် ပြောဆိုထားပါတယ်။
‘၁၀၂၇’ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ညီနောင်မဟာ မိတ် ၃ ဖွဲ့က ရှမ်းမြောက် မြို့ ၆ မြို့နဲ့ စစ်ကောင်စီ၏ တပ်စခန်း (၁၅၀) ကျော်ကို သိမ်းပိုက်ထားနိုင်ပြီလို့ ထုတ် ပြန်ထားပါတယ်။
သီပေါမြို့နယ်ထဲက စစ်ကောင်စီ၏ ကျင်တီတံတား တပ်စခန်းကိုလည်း တအာင်းတပ်မတော် – PSLF/TNLA က နိုဝင်ဘာ ၁၂ ရက်နေ့၊ မနက် ၅ နာရီခွဲ အချိန်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက “၁၂ ရက်နေ့ မနက်ပဲ ဖြစ်တာ။ တံတားလည်း ပါသွားတယ်။ အခု အဲ့ဒီတံတားက သွားလို့ မရတော့ဘူး။ အဲ့ဒီကျင်တီတံတားမှာ အခု TNLA တပ်က ဝင်ထိုင်နေတယ်” လို့ ပြောပါတယ်။
ဒီတံတား ပျက်စီးသွားတာကြောင့် သီပေါကနေ ကျောက်မဲကို သွားလာလို့ မရတော့တဲအပြင် လားရှိုးဘက် အထွက် တံတားကိုလည်း စစ်ကောင်စီက ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျင်တီတံတား တပ်စခန်းနေရာကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီတပ်အနေနဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ တနေ့လုံးနီးပါး လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်နေပြီး နှစ်ဖက်ကြားလည်း ပစ်ခတ်မှု တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
“ဒီမှာတော့ တနေကုန်ပစ်နေကြတာ။ အလုံးရေတောင် မရေနိုင်တော့ဘူး။ လက်နက်ကြီးတွေ ဆက်တိုက်ပဲဗျ။ အစပိုင်း TNLA က သိမ်းပြီး သိပ်မကြာဘူး စစ်တပ်ဘက်ကလည်း ဆက်တိုက် လက်နက်ကြီးနဲ့ပစ်၊ အဲ့ဒီနောက် တော့ နှစ်ဖက်စလုံးက ပြန်ပစ်ကြတဲ့ အသံတွေ ထပ်ကြားရတယ်။ စစ်ရေးအခြေအနေကတော့ တင်းမာနေကြ တုန်းပဲ။ ကျနော်တို့လည်း ဘယ်မှမသွားရဲဘူး” လို့ ဘော်ကြိုရွာသား တစ်ဦးက ပြောပါတယ်။
နှစ်ဖက်ကြား အပြန်အလှန်ပစ်ခတ်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကျင်တီကျေးရွာထဲ ထိမှန်ပေါက် ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တဲ့အပြင် အရပ်သား ပြည်သူထိခိုက်မှုတွေလည်း ရှိနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မြို့သိမ်းတိုက်ပွဲတွေကို အရှိန်အဟုန်မြင့်ပြီး ဆက်လက် လုပ်ဆောင်သွားမယ်လို့ အမျိုး သား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ အင်္ဂါနေ့က လုပ်တဲ့ ၃၅ ကြိမ်မြောက် အစိုးရ အဖွဲ့ အစည်းအဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ က အဖွင့်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြား ခဲ့တာ ဖြစ်ပါတယ်။
“၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်ဟာ ပြည်တွင်းပြည်ပက လူထုတစ်ရပ်လုံးကို မျှော်လင့်ချက်ရောင်ခြည် အမြင့်မားဆုံးအထိ ထွန်းလင်းနိုင်ခဲ့တာကို ထင်ထင်ရှားရှား တွေ့ရမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ ပူးပေါင်းစစ်ဆင်ရေးတွေရဲ့ အကျိုးကျေးဇူးကို မျက်ဝါထင်ထင် မြင်တွေ့လိုက်ရပြီ ဖြစ်သလို နွေဦးတော်လှန်ရေးမှာ အမြင့်မားဆုံးသော စစ်ရေး မှတ်ကျောက်ကို ရေးသွင်းနိုင်တဲ့ အချိန်ကို ရောက်လာပြီဖြစ်ပါတယ်။ ဆက်လက် ပြီးတော့ ခုခံ တော်လှန်စစ်မှသည် မြို့သိမ်းပြည်သိမ်း တိုက်ပွဲအထိ တစ်လှိုင်းပြီးတစ်လှိုင်း ဆက်လက်ချီ တက်နိုင်ကြမယ်လို့ ကျနော်အနေနဲ့ အထူးမျှော်လင့်ပါတယ်”
၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ပြည်သူ့ကာကွယ် ရေး တပ်မတော် PDF တပ်ဖွဲ့တွေကလည်း မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ NUG က ဆိုပါ တယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ရှိတဲ့ ကောလင်းမြို့ကို မဟာမိတ်တွေနဲ့အတူ ပြည်သူ့ကာ ကွယ်ရေး တပ်မတော် PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ကိုပါ သိမ်းနိုင်ခဲ့တဲ့အတွက် အထူးဝမ်းမြောက် ဂုဏ်ယူ စရာဖြစ်စေတယ်လို့ NUG ယာယီသမ္မတ က ပြောပါတယ်။
နောက်ထပ်လည်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနိုင်မယ်လို့ ယုံကြည်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။
“ကောလေင်းမြို့သိမ်းတိုက်ပွဲလိုပဲ တော်လှန်ရေး ထိုးစစ်ကို အရှိန်အဟုန်နဲ့ ထပ်မံချီတက်နေရတာကတော့ ကလေးမြို့နဲ့ တမူးမြို့တို့ပဲ ဖြစ်ပါတယ်။ စစ်ရေး ထိုးစစ်တွေနဲ့ မြို့သိမ်းစစ်ဆင်ရေးတွေဟာ ဆင့်ကာဆင့်ကာနဲ့ ထပ်ပြီးတော့ တိုးတက်လာလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒီအောင်ပွဲတွေကို ကျနော်တို့ ဝမ်းမြောက်စွာ ကြိုဆိုသလို လေးနက်စွာ အားစိုက် ထပ်တိုးလုပ်ဆောင်ရမယ်လို့ အထူးပြောကြားလိုပါတယ်”
၁၀၂၇ စစ်ဆင်ရေးနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေဟာ နွေဦးတော်လှန်ရေးရဲ့ စစ်ရေး ထိုးစစ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဦးမော့စေခဲ့သလို မြို့သိမ်းတိုက်ပွဲကို အခုလို လုပ်ဆောင်နိုင်တာကလည်း တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ညီညွတ်မှုနဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့်ဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဆက်ပြောပါတယ်။
“နွေဦးတော်လှန်ရေး ကာလအတွင်းမှာ အကြီးကျယ်ဆုံးသော မြို့သိမ်း စစ်ဆင်ရေးတွေကို အချိန်အခါမဆိုင်းပဲ ထိုးစစ်ဆင် တိုက်ခိုက် နိုင်တာဟာ မဟာမိတ်အင်အားစုတွေရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ညီညွတ် သော ပူးပေါင်း ပါဝင်မှုတို့ကြောင့် ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် သိုသိပ်စွာ ကြိုတင်ပြင် ဆင်နိုင်စွမ်း ရှိတဲ့ စစ်ရေးစွမ်းရည်ကို စနစ်တကျ တည်ဆောက်ထားနိုင်လို့ဆိုတာကို မမေ့မလျော့ သတိချပ် စေချင်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးရဲ့ ညီညွတ်ရေး စွမ်းအားကို မြင့်နိုင်သမျှ မြင့်တင်ထားကြဖို့ အထူးလို အပ်ကြောင်း ပြောချင်ပါတယ်”
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က စပြီး နိုဝင်ဘာလ ၉ ရက်နေ့အထိ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၂၈ ခုကို သိမ်းပိုက်ထားခဲ့ပြီလို့ ညီနောင်မ ဟာမိတ် ၃ ဖွဲ့ က ပြောပါတယ်။
လက်ရှိတိုက်ပွဲတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ နွေဦးတော်လှန်ရေးကနေ ပေါက်ပွားလာတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီညီ စစ်ဆင်ရေးကို အတူတကွ ဆက်လက်လုပ်ဆောင်နေပြီး သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကိုလည်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါ တယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး အပါအဝင် ရည်ရွယ်ချက် ၅ ချက်နဲ့ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးက အရှိန်ကောင်းကောင်းနဲ့ ဆက်သွားနေပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး လုပ်ဆောင်နေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေကို လက်နက်အပ်ပြီး အလင်းဝင်ကြဖို့ သတိပေး နှိုးဆော်လိုက်ပါတယ်။ လက်နက်အပ်ပြီး အလင်းဝင်လာ သူတွေကို ဖမ်းဆီးချုပ်နှောင်ပြီး ညှင်းပန်းနှိပ်စက်တာတွေကို ပြုလုပ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသလိုပဲ အမျိုးသားညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီး လ ကလည်း စစ်ကောင်စီ အောက်က လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ စစ်ခေါင်းဆောင်ရဲ့ ဖျားယောင်းမှု အောက်ကနေ အချိန်မှီ ရုန်းထွက်လာကြဖို့ ၃၄ ကြိမ်မြောက် NUG အစိုးရအဖွဲ့ အစည်းအဝေး အဖွင့်မိန်ခွန်းမှာ ပြောဆိုသွားပါတယ်။
“မင်းအောင်လှိုင်နဲ့ ကိုယ်ကျိုးရှာ အကြမ်းဖက်စစ်တပ်၏ ဖျားယောင်းမှုတွင် မှိုင်းမိရုန်းကန်နေရသော တိုင်းချစ် ပြည်ချစ် စိတ်ဓါတ်ရှိသည့် ရဲဘော်ရဲဘက်များ၊ ပြည်သူ့စစ်များ၊ ပျူစောထီးများအနေဖြင့် အချိန်မလင့်မှီ ချက်ချင်း သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် PDFs များထံ လက်နက်ချလာ ရောက်ပူးပေါင်းကြဖို့ တိုက်တွန်းလိုပါတယ်”
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကနေ လက်ရှိအချိန်အထိ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ရှိတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် လက်နက်အပ်ပြီး အလင်းဝင်လာကြမယ့် စစ်သားတွေရဲ့ အသက်အန္တရာယ် လုံခြုံရေး ကိုလည်း အထူး အာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ် သိက္ခာ မထိခိုက်ရအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့ အပြင် မိသားစု ဆွေမျိုးတွေနဲ့ အမြန်ဆုံး ပြန်လည် ပေါင်းစည်းခွင့်ရအောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီ သွားရောက်ပူးပေါင်းကြဖို့ NUG ယာယီသမ္မတက တိုက်တွန်းထားသလို ၁၀၂၇ စစ်ဆင်ရေး ကို စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုပြီး တသားတည်း ရပ်တည်နေတယ်လို့ ပြောပါတယ်။
“အခုချိန်မှာ ကျွန်တော်တို့အားလုံး သိတဲ့အတိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့အတူ မဟာမိတ်ပူးပေါင်းတပ် များက “၁၀၂၇ စစ်ဆင်ရေးကြီး” ကို မဟာဗျူဟာကျကျ ဆင်နွှဲနေပါတယ်။ Operation 1027 ရက်တို ကာလအတွင်း ရရှိခဲ့တဲ့ အောင်မြင် မှုတွေကို ကျွန်တော့်အနေနဲ့ အလေးအနက်ထား ဂုဏ်ယူပါကြောင်း ပြောလိုပါတယ်။ တိုက်ပွဲဝင် နေကြတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနဲ့ အတူ တတိုင်းပြည်လုံးက ရပ်တည်နေသလို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တသားတည်းရပ် တည်နေပါ ကြောင်း အလေးထား ပြောကြားလိုပါတယ်”
ဒါ့အပြင် တော်လှန်ရေးနဲပတ်သက်ပြီး လူထုတွေရဲ့ မျှော်လင့်ချက်နဲ့ စိတ်အားတက်ကြွမှုတွေဟာ စစ်ရေး စွမ်းဆောင်မှုတွေအပေါ်မှာ အများကြီး မူတည်နေတဲ့အတွက် မဟာမိတ်ဆက်ဆံရေကို ဒီထက် အားကောင်း ခိုင်မာစေဖို့အတွက်နဲ့ နိုင်ငံတဝန်းမှာ မဟာဗျူဟာ ကျကျ ဟန်ချက် ညီညီနဲ့ အားထုတ်သွားရမှာ ဖြစ်တယ်လို့ NUG ယာယီသမ္မတ က ပြောပါတယ်။
နိုဝင်ဘာလ (၂၅) ရက်နေ့ မနက်တုန်းကလည်း “ကျင်းစန်းကြော့” နယ်စပ်ဂိတ်အား ညီနောင် မဟာမိတ် (၃) ဖွဲ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ တပြိုင်နက် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးလည်း အပိုင်းလိုက်စီ ပိတ် ထားပြီး နယ်စပ် ကုန်သွယ်ရေးက အရင်လို မဟုတ်တော့ဘဲ ဖြတ်လမ်းတွေ၊ တောလမ်းတွေကို အသုံးပြုနေရလို့ ကုန်စျေးနှုန်းတွေက အဆမတန်ထိုးတက်လာခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် ပြင်ဦးလွင် – မူဆယ်သွား လမ်းမကြီးတစ်လျှောက် လမ်းကြောပိတ်ဆို့မှုတွေ ရှိနေပြီး ကုန် ပစ္စည်းတွေ ပို့ဆောင်လို့ မရဘူးလို့ ကျောက်မဲမြို့ခံတစ်ယောက်က ပြောပါတယ်။
“ကုန်စျေးနှုန်းတွေနဲ့ စျေးကစားပြီး ကမောက်ကမ အရမ်းတက်တာတော့မရှိဘူး။ တက်တာတော့ အကုန်လုံး တက်တာပေါ့ ဥပမာ ပစ္စည်းစျေးဆိုလို့ရှိရင်လည်း သူတို့ ကားခပေါင်းလိုက်တယ်။ ယိုဒယားပစ္စည်း တရုတ် ပစ္စည်းဆိုရင် သူတို့က စျေးတင်မရောင်းဘူး။ ရှိတဲ့ဟာကို ကားခလေး ဘာတွေ တွက်ပြီးတော့ ရောင်းလိုက် တယ်။ မရှိတော့ရင်လည်း ပစ္စည်းပြတ်တာပေါ့ အဲ့လိုပါ။”
စစ်ဆင်ရေး ၁၀၂၇ တလတာနီးပါးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည် နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်နီဒေသတွေမှာ တိုက်ပွဲပေါင်း ၅၂၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က နိုဝင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
တရုတ်-မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလာစေတဲ့ အဓိက တရားခံဟာ စစ်ကောင်စီ ဖြစ် တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်ပါတယ်။
“မြန်မာနိုင်ငံတဝှမ်းလုံး တည်ငြိမ် အေးချမ်းမှုနဲ့ တရုတ်-မြန်မာ နယ်စပ် စစ်ပွဲများ ရပ်တန့်နိုင်ဖို့ စစ်ကောင်စီ သာ အဓိက ဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူ တရပ်လုံး တောင်းဆိုနေတဲ့ စစ်တပ် နိုင်ငံရေးမှ ထွက်ရေး အာဏာရှင်စနစ်ဖြုတ်သိမ်းရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ကို ထူထောင်ဖို့ အာဏာသိမ်း မင်းအောင်လှိုင်နဲ့ စစ်အုပ်စု အပေါင်း အပါများက လက်ခံလျှင် ဒီနေ့ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများ အမြန်ရပ်ဆိုင်းသွားနိုင်မှာ ဖြစ်ပါတယ်။”
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာနယ်စပ်တစ်ကြောမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ တရုတ်-မြန်မာနယ်စပ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ တရုတ်နိုင်ငံဖက်ကို ကျရောက်ပေါက်ကွဲမှုတွေရှိခဲ့တယ်လို့ NUG ယာယီ သမ္မတ က ပြောပါတယ်။
“စစ်ကောင်စီက လိုင်ဇာကို ဦးတည်ပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုမှာ တရုတ်ဖက်အခြမ်းကို စစ်ကောင်စီရဲ့ လက် နက်ကြီး ကျရောက်ပေါက်ကွဲတာ ရှိလို့ တရုတ်အရပ်သားအချို့ သေဆုံးတာ တွေ့ရှိရပါတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ ထိုးစစ်တွေ ရပ်တန့်မသွားသရွေ့ တရုတ်နိုင်ငံရဲ့ နယ်စပ်လုံခြုရေးကိုလည်း အားလျော့စေတာ တွေ့ရမှာ ဖြစ်ပါတယ်”
တရုတ်နယ်စပ်က တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်သေဆုံးတာတွေ ရှိလာတဲ့အတွက် နယ်စပ် လုံခြုံရေး ကိစ္စတွေကို တရုတ်အစိုးရနဲ့ သံခင်းတမန်ခင်း ပြောဆိုဆက်ဆံမှုတွေ အထူးအလေးထား ဆွေးနွေး ပြောဆိုကြဖို့ လိုအပ်မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တရုတ်-မြန်မာနယ်စပ်ရှိ KIO/KIA ဌာနချုပ်ကို နိုဝင်ဘာလဆန်းပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုတွေကြောင့် တရုတ်နိုင်ငံဖက်ကို လက်နက်ကြီးကျည် ကျရောက် ပေါက် ကွဲ ခဲ့ပြီး တရုတ်နိုင်ငံသား ၁ ဦးသေဆုံးခဲ့သလို ၂ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လိုင်ဇာ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာ နယ်စပ်တစ်ကြောမှာ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်ပွား လာခဲ့ပါတယ်။
အဲဒီလို ဖြစ်ပွားလာရာကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ မြန်မာအ မျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရက္ခိုင်တပ်တော် AA တို့က ၁၀၂၇ စစ်ဆင်ရေးကို စတင်လိုက်တယ်လို့ ကြေညာလိုက်တာနဲ့ တပြိုက် နက်တည်း တရုတ်-မြန်မာ နယ်စပ်တစ်ကြောမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့တာဟာ ဒီနေ့ အချိန်အထိ ဖြစ်ပါတယ်။
စစ်စခန်းတွေနဲ့ မြို့တွေကို ဆုံးရှုံးလိုက်ရတဲ့နောက်မှာတော့ စစ်ကောင်စီဟာ တရုတ်-မြန်မယ်နယ်စပ်က တော် လှန်ရေး အင်အားစုတွေ ဖော်ဆောင်နေတဲ့ တိုက်ပွဲတွေရဲ့ နောက်ကွယ်မှာ တရုတ်အစိုးရ ပါဝင်ပတ်သက်မှုတွေ ရှိတယ်ဆိုပြီး စစ်ကောင်စီ ဝါဒဖြန့် လောဘီတွေက တရုတ်နဲ့ မြန်မာတွေအကြား မုန်တီးမှုတွေ၊ ပဋိပက္ခတွေ ဖြစ်ပွားအောင် ကျယ်ကျယ် ပြန့်ပြန့် ပြောဆို လုပ်ဆောင်လာခဲ့ကြပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားလာရခြင်းရဲ့ အဓိက အကြောင်းအရင်းမှာ စစ်တပ်က နိုင်ငံရေး က မထွက်တဲ့အပြင် တိုင်းရင်းသားတွေ လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးကို လက်မခံပဲ ငြင်းပယ်ခဲ့တဲ့အတွက် အခုလို တိုက်ပွဲတွေ ဖြစ်ပွားရတာဖြစ်တယ်လို့ NUG ယာယီသမ္မတ က ဆိုပါတယ်။