မြိတ် CB ဘဏ်တွင် ကျပ်သိန်းပေါင်း သုံးသောင်းကျော်စာရင်းကွာဟ၊ ဘဏ်မန်နေဂျာ ထွက်ပြေးနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။
မြိတ် CB ဘဏ်တွင် ငွေကျပ်သိန်းပေါင်း ၃၂,၅၀၀ ကျော် စာရင်းကွာဟနေပြီး ဘဏ်မန်နေဂျာဆိုသူမှာ ထွက်ပြေး နေသည်။
မြိတ်မြို့ ထားဝယ်စုရပ်ကွက် (C) လမ်းရှိ CB Bank မြိတ်ဘဏ်ခွဲ (၁)တွင် ငွေကျပ်သိန်းပေါင်း ၃၂,၅၀၀ကျော် စာ
ရင်း ကွာဟမှုရှိနေပြီး ဘဏ်မန်နေဂျာ ဆိုသူ ထွက်ပြေး တိမ်းရှောင်နေသည်ဟု မြိတ်မြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ် များနှင့် စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
ပုဂ္ဂလိကဘဏ် ဝန်ထမ်းတစ်ဦးက “ဘဏ်အတွင်းထဲမှာ ကြိတ်ပြီး သိုသိုသိပ်သိပ်ဖြစ်နေတဲ့ ပြဿနာဆိုတော့ အပြင်လူတွေ သိပ်မသိဘူး၊ ဘဏ်မန်နေဂျာ ပြေးသွားပြီဆိုတာကိုလည်း ဘဏ်အချင်းချင်းလောက်ပဲ ကြားနေရ တာ” ဟု ပြောသည်။
မြိတ် CB ဘဏ်ခွဲ (၁) ဒု – မန်နေဂျာ အသက် ၃၇ နှစ်အရွယ် ဦးမျိုးထွဋ်သည် ထားဝယ်စုရပ်ကွက်(ဘီ)၊ လမ်း အတွင်း ငှားရမ်းနေထိုင်ရာမှ လက်ရှိတွင် နေအိမ်မှဇနီးဖြစ်သူနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေသည်ဟု နီးစပ် သူများက ပြောသည်။
ထိုသို့တိမ်းရှောင်နေသည်မှာ တပတ်ကျော်ရှိပြီဖြစ်ပြီး ၎င်း၏ နေအိမ်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့ကတည်းက ထွက်ပြေးသွားခြင်း ဖြစ်သည်။
ရှမ်းမြောက်ဒေသတွင် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ပုဂ္ဂလိကဘဏ်ခွဲ အချို့တွင် ပြီးခဲ့သည့် ရက်ပိုင်း၌ ငွေထုတ်ယူမှုများ ရှိလာသဖြင့် မြိတ်ဒေသမှ စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည့် စစ်ကောင်စီ အကြီးအကဲအချို့က ၎င်းတို့၏ငွေကြေးများ လုံခြုံမှုရှိစေရန်ဟု ဆိုကာ အခြားမြို့များမှ မြိတ်
CB ဘဏ်ခွဲသို့ ငွေလွှဲပြောင်းမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မြိတ် CB ဘဏ်ခွဲသို့ လွှဲထားသည့် ငွေကြေးများအား ပြန်လည်ထုတ်ယူသည့်အချိန် ဘဏ်၌ ငွေကျပ် သိန်းပေါင်း ၃သောင်းကျော် စာရင်းကွာဟမှု ဖြစ်ပေါ်နေပြီး ဘဏ်၏ မန်နေဂျာဆိုသူမှာလည်း ထွက်ပြေး တိမ်း ရှောင်နေသည်ကို သိရှိရကြောင်း ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
ထွက်ပြေး တိမ်းရှောင်နေသူ ဘဏ်မန်နေဂျာ ဦးမျိုးထွဋ်အား မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထား ကြ သည်။ ဦးမျိုးထွဋ်ကို မြိတ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၀၈၊ ၄၀၂တို့ဖြင့် အမှုဖွင့်ထားသည်။
ထွက်ပြေးသွားသည်မှာ တပတ်ကျော်ရှိလာပြီဖြစ်သော်လည်း ယနေ့အချိန်ထိ ၎င်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မရသေးဘူးဟု ဆိုကြသည်။