စစ်ကောင်စီတပ်ကြောင့် ကထိန်ပွဲပျက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။

စစ်ကားနှစ်စီးဖြင့် ရုတ်တရက်၀င်ရောက်လာသည့် စစ်ကောင်စီတပ်များကြောင့် ကထိန်အလှူပွဲ ပျက်သွားရ သည်ဟု ရွာသားများက ပြောသည်။

ကထိန်အလှူပွဲ ကျင်းပပြုလုပ်နေသည့် မြိတ်မြို့နယ် သစ်ယာဝကျေးရွာအုပ်စု အတွင်းသို့ အင်အား ၄၀ ခန့်ပါရှိ သည့် စစ်ကောင်စီကား နှစ်စီး ရုတ်တရက် ရောက်လာသဖြင့် ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပြီးနောက် ပွဲပျက်သွားကြောင်း ရွာသားများက ပြောသည်။

“ပေါ်တာဆွဲမယ်လို့ ကောလဟာလအသံတွေ ကြားနေရချိန်ဆိုတော့ အရွယ်ရောက်ပြီးသား ယောက်ကျားတွေ မှန်သမျှ စိုးရိမ်ကြောက်လန့်ပြီး အကုန်လုံးပြေးကြတာ။ လူတွေဖမ်းဆီးမိသွားတာတော့ မရှိပါဘူး” ဟု အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။

ကျေးရွာထဲ ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့က သစ်ယာဝအုပ်ချုပ်ရေးမှူးရုံးနှင့် ဘုန်းကြီးကျောင်းတောင် ကုန်းပေါ်တို့တွင် နိုဝင်ဘာလ ၂၃ ရက်နေ့စတင်၍ နေရာယူထားကြသည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်က သစ်ယာဝကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရပ်ကျေးစာရေးတို့ကို ခေါ်ယူပြီး သစ်ယာဝကျေးရွာ အပါအဝင် အနီးနားရှိ ကျေးရွာ ၃ ရွာတွင် PDF များအား ထောက်ပံ့ပေးနေသူများနှင့် တက်ကြွလှုပ်ရှားသူ ၃၀ ဦး ဝန်းကျင်ခန့် ရှိနေသည်ဟု သတင်းရသည့်အတွက် လာရောက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု ကျေးရွာအုပ် ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ ရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနှင့် သစ်ယာဝကျေးရွာ ထားဝယ်ကမ်းရပ်ကွက်တွင် နေထိုင် သည့် စစ်တပ်ထောက်ခံသူ ရွာသားတစ်ဦးနှင့်အတူ အမည်စာရင်း ပါဝင်သူများ၏ အိမ်များဟု ဆိုကာ အိမ် ၂၀ ခန့်ကို ဓါတ်ပုံလိုက်ရိုက်ခဲ့သည်ဟု ရွာသားများက ပြောသည်။

ထိုသို့ ဓါတ်ပုံရိုက်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့သည် အုပ်ချုပ်ရေးမှူးနှင့် စာရေးတစ်ဦးတို့ကို လမ်းပြ အဖြစ် ခေါ်ကာ ထိုနေ့ (နိုဝင်ဘာလ ၂၃ ရက်နေ့) မွန်းလွဲ ၂ နာရီခန့်တွင် ကျေးရွာမှ ပြန်လည်ထွက်ခွာသွား ကြ သည်။

စစ်ကောင်စီတပ်က သစ်ယာဝကျေးရွာအပြင် ကန်ပြင်ကျေးရွာနှင့် ပနာတောင်ကျေးရွာများသို့လည်း ဆက်လက် သွားရောက်ခဲ့ပြီးနောက် နေအိမ်အချို့ကို ဓါတ်ပုံလိုက်ရိုက်ခဲ့သေးသည်ဟု ဆိုသည်။

လမ်းပြပေးဖို့ခေါ်ဆောင်သွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးတို့ကို သမုတ်ကျေးရွာသို့ရောက်ရှိချိန် ည ၁၀ နာရီခန့်တွင်ပြန်လွှတ်ပေးခဲ့သည်။

သစ်ယာဝကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၄ ရွာရှိပြီး အိမ်ခြေပေါင်း ၁၄၀၀ ဝန်းကျင်ခန့်ရှိနေကာ စစ်အာဏာ သိမ်းပြီးသည့်နောက် ယခုကဲ့သို့ ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်မှ ဝင်ရောက်ပြီး စာရင်းအတိအကျဖြင့် နေအိမ်များကို ဓါတ်ပုံရိုက်ယူသွားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ရွာသားမျးက ပြောသည်။

ဓါတ်ပုံ – သစ်ယာဝရွာ သဲတန်းကမ်းခြေ။