နိုင်ငံရေး တက်ကြွသူ အမျိုးသမီး တစ်ဦး ထောင်ဒဏ် အနှစ် ၂၀ ချခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီး တစ်ဦးကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချလိုက်သည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အသက် ၂၄ နှစ် အရွယ် အမျိုးသမီး တစ်ဦး ကို ပုသိမ်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၂၂ နှစ် ချမှတ်လိုက်သည် ဟု ပုသိမ်ခရိုင် တရားရေးဌာန အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

တရားလွှတ်တော် ရှေ့နေတစ်ဦးက “ပုသိမ်ခရိုင် တရားသူကြီးက အမိန့်ချတာပါ၊ ကလေးမလေးကတော့ ရုံး တော်မှာ စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကို ဖြောင့်ချက်ပေးတာ ဝန်ခံတာ မလုပ်ခဲ့ဘူး။ ကလေးမ ပြောတာက သတ်ချင် သတ်၊ ထောင်ချချင် ချ။ ဘာကိုမှ အပြစ်ရှိတယ်လို့ ဝန်မခံဘူး ဆိုတာပဲ” ဟု ပြောသည်။

ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် စမ်းခြံရပ်၊ မဟာဗောဓိလမ်းတွင် နေထိုင်သော မချစ်စုထွန်း (ခေါ်) မချစ်ပုကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ အကြမ်းဖက်မှုအပြင် PDF နှင့် CDM များကို ထောက်ပံ့မှု၊ ပုသိမ်မြို့ နယ်အတွင်း ဖြစ်ပေါ် ခဲ့သည့် ဗုံးဖေါက်ခွဲမှုများနှင့် ပတ်သက်၍ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က ၎င်းတို့၏ လက်အောက်ခံ တရားရုံးတွင် စွပ်စွဲ တိုင်ကြား အမှုဖွင့်ခဲ့ခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့က အမိန့်ချလိုက်ခြင်း ဖြစ်သည်။

မချစ်စုထွန်း (ခေါ်) မချစ်ပုကို အကြမ်းဖက် ပုဒ်မ အပါအဝင် ပုဒ်မ ၃ ခုဖြင့် တဘက်သတ် စွပ်စွဲပြီး ထောင်ဒဏ် ၂၂ နှစ် အမိန့်ချ လိုက်သော်လည်း ချုပ်ရက်များအတွက် လျှော့ပေါ့ခံ စားခွင့် မရကြောင်း တရားလွှတ်တော် ရှေ့နေ က ဆက်ရှင်း ပြသည်။

ထောင်ဒဏ် ၂၂ နှစ် အမိန့်ချခံရသော မချစ်စုထွန်း (ခေါ်) မချစ်ပုသည် ပုသိမ်တက္ကသိုလ်က B.SC ဘွဲ့ ရထားသူ ဖြစ်ပြီး စစ်တပ် အာဏာမသိမ်းခင်က လူမှုရေး၊ ရပ်ရေးရွာရေး နှင့် လူ့အခွင့်အရေးကဏ္ဍတို့၌ တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။

ထို့နောက် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းမှု ဖြစ်လာချိန်တွင် စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒဖေါ်ထုတ်ခဲ့ သော နိုင်ငံရေး တက်ကြွလှုပ်ရှား တစ်ဦး ဖြစ်လာသည်ဟု သူမနှင့် နီးစပ်သူ မိတ်ဆွေအချို့က ပြောသည်။

သူမနှင့်နီးစပ်သူတစ်ဦးက “ကောင်မလေးက အရပ်ပုပု လူကောင်သေးသေးဗျ။ ဘွဲ့ရပြီးသား စစ်တပ် အာဏာ သိမ်းတော့ အများနည်းတူ ဆန္ဒပြတာတော့ ရှိတယ်။ အခုတော့ ဖမ်းပြီး အကြမ်းဖက် ပုဒ်မတွေနဲ့ ထောင်နှစ် ၂၀ ကျော် ချလိုက်တယ်” ဟု ပြောသည်။

မချစ်စုထွန်း (ခေါ်) မချစ်ပုကို ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက သူမ၏ နေအိမ်၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များ ပါဝင်သော အင်အား ၃၀ ကျော်ခန့်ဖြင့် လမ်းထိပ်နှစ်ဘက်ကို ပိတ်ဆို့ကာ ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။

ပုသိမ်ထောင်တွင်း၌ အကြမ်းဖက် စစ်ကောင်စီ၏ သေဒဏ်အမိန့် နှင့် ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံထားရသော နိုင်ငံရေး အကျဉ်းသားများ အပါအဝင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သောသူများကို ပုဒ်မ အမျိုးမျိုးတပ် ပြီး ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား အမျိုးသား အမျိုးသမီး အယောက် ၆၀၀ နီးပါး ရှိနေသည် ဟု အကျဉ်းဦးစီးဌာန ဝန်ထမ်းအချို့က ပြောသည်။