ဆိုင်ကယ်ပြင်သူ နှစ်ဦးကို မောရဝတီရေတပ်က ဖမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားသူ နှစ်ဦးကို မောရဝတီ ရေ
တပ်ဌာနချုပ်က လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
ဖမ်းဆီးခံရသူများမှာ ကံပေါက်ကျေးရွာ၊ လှည်းကုန်း အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ နှစ်အရွယ် ကိုအောင်ခက် နှင့် အမှတ် (၂) ရပ်ကွက်မှ အသက် ၃၀ နှစ်အရွယ် ကိုပိုင်ပိုင် ဆိုသူတို့ ဖြစ်ကြသည်။
စစ်ကောင်စီ၏ မောရဝတီရေတပ်ဌာနချုပ်မှ အင်အား အများအပြားပါဝင်သည့် စစ်ကားကြီး ၃ စီးဖြင့် ၎င်းတို့၏ နေအိမ်များသို့ရောက်လာပြီး နိုဝင်ဘာလ ၃၀ ရက်နေ့၊ ည ၁၁နာရီခန့်တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ကံပေါက်ရွာသားတစ်ဦးက “ကိုအောင်ခက် အိမ်ကို အရင်ဝိုင်းထားပြီးမှ ခြံစည်းရိုးမှာ ခတ်ထားတဲ့ သံဆူးကြိုး တွေကို ဖျက်ဆီးကျော်ဖြတ်ပြီး ဝင်ဖမ်းတာပါ။ အိမ်ထဲမှာလည်း အချိန်ကြာကြာ စစ်ဆေးနေပြီးမှ မနက် ၂ နာရီ ထိုးမှာ ဖမ်းခေါ်သွားတယ်။ ပြီးမှ ကိုပိုင်ပိုင်ကိုလည်း နေအိမ်မှာ တစ်ခါတည်း ဝင်ဖမ်းသွားတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူ နှစ်ဦးစလုံးကို မောရဝတီ ရေတပ်စခန်းဌာနချုပ် အတွင်း ဖမ်းဆီးစစ်ဆေးနေပြီး လာရောက် ဖမ်းဆီးစဥ်က မိသားစုဝင်များအား ယခုရက်ပိုင်းအတွင်း ခရီးသွားလာခြင်း မပြုကြရန်လည်း မှာကြားခဲ့ကြောင်း ဆွေးမျိုးနီးစပ်သူများက ပြောသည်။
ဆိုင်ကယ်ပြုပြင်ရေး လုပ်ငန်း လုပ်ကိုင်နေသူ ကိုပိုင်ပိုင်မှာ စစ်အာဏာသိမ်းပြီးသည့် နောက်ပိုင်း မောရဝတီ ရေတပ်မှ နှစ်ကြိမ် ခေါ်ယူစစ်ဆေးခြင်း ခံရဖူးသူဖြစ်ကြောင်း ရွာသားများက ပြောသည်။
ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုအောင်ခက်နှင့် ကိုပိုင်ပိုင်တို့မှာ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မရရှိသေးသည့် အပြင် ဒီဇင်ဘာလ ၄ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးဟု ဆိုကြသည်။
ထို့ကြောင့် ၎င်းတို့နှစ်ဦးအတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။
မောရဝတီ ရေတပ်ဌာနချုပ်သည် အုန်းပင်ကွင်း ကျေးရွာတွင် အခြေစိုက်တည်ရှိပြီး ကံပေါက်ဒေသ အနီးတစ် ဝိုက် ပေါက်ကွဲမှုများ နှင့် တိုက်ခိုက်ခံရမှုများ ဖြစ်ပေါ်တိုင်း ဒေသခံရွာသားများအား ဖမ်းဆီးစစ်ဆေးလေ့ရှိသည်။