ကရင်နီ ပြည်အတွင်း နေရာအချို့တွင် စက်သုံးဆီ ပြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းနှင့် ရှမ်း-ကရင်နီအစပ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့ နယ်၊ အနောက်ကယန်းဒေသတို့တွင် စက်သုံးဆီ ပြတ်လပ်လာနေပြီဟု စစ်ရှောင်များက ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်သည့် ၁၁.၁၁ စစ်ဆင်ရေးနောက်ပိုင်းကစပြီး စစ်ကောင်စီက လမ်း ကြောင်းများကို ပိတ်ဆို့ထားခြင်းကြောင့် စက်သုံးဆီများ ပြတ်လပ်လာခြင်း ဖြစ်သည်။

အနောက်ကယန်းဒေသ၊ ဆီးဘူးဒေသရှိ စစ်ဘေးရှောင် တစ်ဦးက စစ်ကောင်စီဖက်မှ လမ်းပိတ်ထားသည့် အခြေ အနေနှင့် ပတ်သက်၍ “တောင်ငူ လမ်းကြောင်းပဲ ရှိတယ်။ မနေ့က ကုန်ကားတွေ ၂ စီး ၃ စီးလောက် လာတယ်။ မှောင်နေတော့ သိပ် မတွေ့ရဘူး။ ကားတွေတော့ ဝင်တယ်။ ဖယ်ခုံဘက်က ပေးမဝင်တော့ဘူး။ တောင်ငူလမ်းပဲ ရှိတော့တယ်။ အဲဒီ လမ်းတောင် ယာဒိုမှာ အရမ်းစစ်တယ်။ ဆန်တွေဆို သယ်မရဘူးလို့ ကြားတယ်” ဟု ပြော သည်။

လက်တလောတွင် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းနှင့် ကယန်းဒေသက ကျေးရွာများမှာ ဆီးဘူး ဒေသ ကနေ စက်သုံးဆီ ဝယ်ယူနေရပြီး တစ်လီတာ ကျပ် ၅,၀၀၀ စျေးဖြင့် ဝယ်ယူနေရသည့်အပြင် အချို့နေရာများ တွင် ကျပ် ၇,၀၀၀ ခန့် အထိ ပေးဝယ်နေရသည်ဟု ဆိုကြသည်။

ထိုစျေးနှုန်းများဖြင့် ဝယ်ယူရာ၌လည်း အိမ်ထောင်စု တစ်စုကို ဓါတ်ဆီ ၂ လီတာနှုန်းနှုန်းဖြင့် ဝယ်ယူနေကြရသလို ဆီဘောက်ဆာ ကားမှာ ၁၀ ရက်ခန့်မှ တစ်ကြိမ်ပဲ ဆိုက်ရောက်ခြင်းကြောင့် ဆီလုံးဝပြတ်သွားသည့် ရက်များပင် ရှိလာသည်ဟု ဒေသခံများက ဆိုကြသည်။

စက်ဆုံးဆီ ပြတ်လပ်သည့်အတွက် ကရင်နီတော်လှန်ရေး အင်အားစုများနှင့် စစ်ဘေးရှောင်ကူညီရေး အဖွဲ့ အစည်းများလည်း အခက်တွေ့နေကြသည်ဟု ဆီးဘူးဒေသက စစ်ဘေးရှောင် တစ်ဦးက ပြောသည်။

“တော်လှန်ရေးသမားတွေကျတော့ သူတို့တွေက ကားနဲ့သွား၊ ကားနဲ့တင် ဆိုတော့ ဆီမရှိတော့ တော်တော် ခက်ခဲ တာပေါ့။ သွားရေးလာရေး သိတယ်မလား။ တစ်ခုခုဆို ကားနဲ့ သွားရတာလေ။ ဝေးလည်း ဝေးတာကိုး။ တော် လှန်ရေး အတွက်ဆိုရင် အဲ့တစ်ခုက တော်တော်ခက်ခဲတယ်။”

ထိုသို့ စက်သုံးဆီ ပြတ်လပ်သွားသည့်အပြင် အခြား ကုန်ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာပြီး ဆန် ကြမ်းတစ်အိတ်လျှင် ကျပ်တစ်သိန်းခွဲ၊ စားအုန်းဆီ တစ်ပိဿာ ကျပ်တစ်သောင်းခွဲ၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ငါးထောင် အသီးသီးပေါက်ဈေး ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

အလားတူ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့၌လည်း စစ်ကောင်စီ၏ လမ်းပိတ်ဆို့ထားမှုကြောင့် စက်သုံးဆီ အဝင် လုံးဝမရှိတော့ဘဲ ပြတ်လပ်နေခြင်းဖြစ်သည်။

လက်ရှိ ဖယ်ခုံမြို့တွင် စက်သုံးဆီ ပြတ်လပ်နေသောကြောင့် စစ်ရှောင်စခန်းများဆီ ရိက္ခာ ပစ္စည်းများ ပို့ဆောင် ပေးရန် အခက်အခဲများ ရှိနေကြပြီး ၁၁.၁၁ စစ်ဆင်ရေး စတင်လိုက်ပြီးနောက် ကရင်နီပြည်နယ်ထဲနှင့် ရှမ်း-ကရင်နီအစပ် မိုးဗြဲ၊ ဖယ်ခုံဒေသများထဲ ကုန်စည်စီးဆင်းမှုများပါ မရှိတော့ဘူးဟု ဒေသခံများနှင့် စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။