ကရင်နီ အုပ်ချုပ်ရေး အခိုင်အမာ တည်ဆောက်ထားပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။

နယ်မြေအများစုကို ထိန်းသိမ်းလာနိုင်ပြီးနောက် ကရင်နီပြည်မှာ အုပ်ချုပ်ရေးပိုင်းကို အခိုင်အမာ တည်ဆောက်ထားပြီဟု ကရင်နီပြည် ကြားကာလ အတိုင် ပင်ခံ ကောင်စီ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြောဆိုလိုက်သည်။

၁၁.၁၁ စစ်ဆင်ရေး စတင်လိုက်သည့်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ မြေပြင်တွင် တိုက်ပွဲများ ပြင်းပြင်း ထန်ထန်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားအားလုံး ရပ်တန့် သွားခဲ့သည်။

၁၁.၁၁ စစ်ဆင်ရေး မစတင်မှီကတည်းက ကရင်နီပြည်နယ် တပြည်နယ်လုံး အတိုင်းအတာအနေဖြင့် နယ် မြေ ၆၅ ရာခိုင်နှုန်းခန့်ကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားနိုင်ခဲ့ရာမှ ယခုလက်ရှိတွင် တပြည်နယ်လုံး အတိုင်းတာနီးပါးအထိ ထိန်းချုပ်လာနိုင်သည့် အနေအထားမျိုး ဖြစ်သည်ဟု ဆိုကြသည်။

လက်ရှိ ကရင်နီပြည်နယ်ထဲ အုပ်ချုပ်ရေးပိုင်းကို အခိုင်အမာ တည်ဆောက်ထားနိုင်သည့် အကြောင်းနှင့် ပတ် သက်၍ ကရင်နီပြည် ကြားကာလအတိုင်ပင်ခံကောင်စီ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြောဆိုသွားခြင်း ယခုကဲ့သို့ ပြောသည်။

”KSCC ရဲ့ အောက်မှာ ကြားကာလလွတ်တော်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ နောက်ပြီးတော့ တရား ရုံးတွေပေါ့နော်၊ တရားရုံးတွေ မြို့နယ် တရားရုံးတွေ ဆိုပြီးတော့မှ ကျနော်တို့ တည်ဆောက်ထားပြီး ဖြစ် တယ်။ ကြားကာလအုပ်ချုပ်ရေး ကောင်စီမှာလည်း ဌာနဆိုင်ရာ ၆ ခုကို ကျနော်တို့ ဖွဲ့စည်းထားပြီးပြီ ဖြစ် တယ်လေ။ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင် ရေးဌာန၊ အမျိုးသမီးနဲ့ ကလေးငယ်ဌာန၊ စီမံခန့်ခွဲရေးနဲ့ ဘဏ္ဍာရေးနဲ့အခွန်ဌာန၊ ပြည်ထဲရေးဌာနဆိုပြီးမှ အဲ့လိုဌာန ၆ ခုကို ကျနော်တို့ ဖွဲ့စည်းထားပြီးပြီ ဖွဲ့စည်းထားပြီး ဖြစ်တဲ့အတွက် ဒါကို အကောင်ထည်ဖော် နေတာပဲဖြစ်တယ်။ စစ်ကောင်စီ ပြုတ်ကျပြီးသွားလည်း ကျနော်တို့ရဲ့ IEC အုပ်ချုပ်ရေးက ဆက်လက်ပြီးမှ အကောင်ထည်ဖော် သွားရုံပဲ ရှိတယ်ပေါ့။”

ကရင်နီပြည်နယ်ထဲ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကို ဖွဲ့စည်းပြီး နိုင်ငံရေးစနစ်သစ်ကို အသွင်ကူးပြောင်း သွားနိုင်အောင် ကြိုးစားသွားမည်ဟု ယခုနှစ် ဇွန်လကတည်းက KSCC က ထုတ်ပြန်ပြော ဆိုထားသည်။ စစ်ကောင်စီက တပြည်နယ်လုံးတွင် ပြုတ်ကျသွားသည်နှင့် တပြိုင်နက် IEC ၏ အုပ်ချုပ်ရေး ကို ဆက်လက် အကောင်အထည်ဖော်သွားရုံပဲဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

တော်လှန်ရေးလုပ်ဆောင်ခြင်းနှင့် အတူ အုပ်ချုပ်ရေးပိုင်းကိုလည်း မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သော ကြောင့် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ကို ဖွဲ့စည်းဖြစ်ခဲ့ကြခြင်း ဖြစ်သည်ဟု IEC ၏ အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်က ဆက်ပြောသည်။

”အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးကိစ္စကို လက်နက်ကိုင် တိုက်ပွဲဝင်တဲ့ လမ်းကြောင်းကိုလည်း တတ်နိုင်သ လောက် ပူးပေါင်းဆောင်ရွက်ကြသလို တစ်ဖက်မှာလည်း အုပ်ချုပ်ရေး၊ နိုင်ငံရေး စီးပွားရေး ဆိုင်ရာ တည် ဆောက်မှုတွေ တစ်ပြိုင်နက်တည်း ဒီလမ်းကြောင်းကိုလည်း ဖော်ဆောင်ဖို့လိုတယ် ဆိုတာကိုတော့ အားလုံး က နားလည် သဘောပေါက် လက်ခံထားကြတယ်။ ဒါကြောင့် ကရင်နီအတိုင်ပင်ခံ ကောင်စီဖွဲ့ဖို့ အနေ အထား ဖြစ်လာတယ်။ ကရင်နီပြည် ကြားကာလ အစီအမံကိုလည်း ရေးဆွဲဖို့ ဖြစ်လာတဲ့ အနေအထားမျိုး လည်း ဖြစ်လာတယ်ပေါ့။”

IEC ၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ကရင်နီပြည်နယ်၏ ကြားကာလ အစီအမံ ပြဌာန်းချက်အရ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တရားရေးဌာန၏ ဌာနမှူးနှင့် ဒု-ဌာနမှူးတို့ကို ထပ်မံ ဖွဲ့စည်းခန့်အပ်ခဲ့သည်။

၎င်းတို့အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်မှုမှာ အဓိက တာဝန်ရှိသူများဖြစ်သည့် လွိုင်ကော် တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ၅ ဦးနှင့် မိသားစုဝင်များ၊ စစ်ကောင် စီနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်သော တပ်မိသားစုဝင် ၃ ဦးကို ကရင်နီပြည်ရဲဌာနနှင့် ပူးပေါင်းကာ ဥပဒေ နှင့်အညီ တရားစွဲဆို အရေးယူသွားမည်ဟု IEC က ထုတ်ပြန်ထားသည်။

ကရင်နီအတိုင်ပင်ခံကောင်စီ KSCC ၏ နိုင်ငံရေး ဦးဆောင်မှု မူဝါဒလမ်းညွှန်ချက်အတိုင်း ကရင်နီပြည် ကြား ကာလ အုပ်ချုပ်ရေးကောင်စီ IEC ကို ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဖွဲ့စည်းရာတွင် အခက်အခဲများစွာ ကြုံရသလို အဓိကအားဖြင့် ဘဏ္ဍာငွေကြေး လိုအပ်ခြင်း၊ အုပ်ချုပ် ရေးအပိုင်းအတွက် သင့်တော်သော လူသားအရင်းအမြစ် ရှားပါခြင်း၊ အချိန်တိုတိုတွင် ယန္တရားတခုလုံးကို လည်ပတ်နိုင်အောင် လုပ်ဆောင်ရခြင်း၊ ပြည်သူများကလည်း တိုက်ပွဲများထဲ ထွက်ပြေးနေရသောကြောင့် နေရာ အတည်တကျမရှိခြင်း စသည့် အခက်အခဲများ ရှိနေသည်ဟု ခူးပလုရယ်က ဆက်ပြောသည်။

လက်ရှိ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အနေဖြင့် ကန္ဒရဝတီနယ်၊ ကြယ်ဖိုးကြီးနယ်၊ ဘောလခဲနယ်၊ မိုးဗြဲနယ်ဟုဆိုကာ နယ် ၄ နယ်ရှိသည်။

အဆိုပါ နယ် ၄ နယ်ထဲက မြို့နယ် ၁၉ မြို့နယ်တွင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၏ အုပ်ချုပ်ရေး နယ်မြေ ပိုင်းခြားမှုပေါ် အခြေခံကာ အုပ်ချုပ်ရေး ယန္တရားများကို စတင် အကောင်အထည်ဖော်နေပြီဟု IEC က ဆိုသည်။

ဓါတ်ပုံ – KSP ( စစ်ကောင်စီဘက်တော်သားများနှင့် မူးယစ်ဆေးဝါးများ ပါဝင်ခြင်းမရှိစေရေး KSP၊ KNDF၊ PDF ပူးပေါင်းစစ်ဆေးဆောင်ရွက်နေသည့်ပုံ) ပုံဟောင်း