ဗန်းမော်တွင် ဆီဈေးတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ်တစ်သောင်း ပေးဝယ်နေရသည်ဟု ဒေသခံများ က ပြောသည်။
ကုန်သွယ်ရေးလမ်းများဖြစ်သည့် မန္တလေး- ဗန်းမော် လမ်းကို ပိတ်ထားခြင်းကြောင့် စက်သုံးဆီ အဆမတန် ဈေး တက်နေခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“အပြင်မှာက တစ်လီတာကို တစ်သောင်း၊ ဓာတ်ဆီဆိုင် (ပန့်ဆိုင်) မှာက တန်းစီးပြီးတော့ သွားယူမှ ၃,၉၀၀၊ တခြား ရပ်ကွက်က ဆိုင်တွေမှာကျတော့ ၉,၀၀၀၊ ၈,၀၀၀ အဲ့လို ရောင်းတာရှိတယ်။ စ စပျက်တုန်းကဆိုရင် တစ်သောင်းနဲ့ ဝယ်ထည့်ရတယ်။ အခုနောက်ပိုင်းမှာ ပြန်ကျသွားတာတော့ မဟုတ်ဘူး။ ပန့်ဆိုင်တွေက ဆီ နည်း နည်းပေးခဲ့တာ။ ပန့်ဆိုင်မှာက အရှည်ကြီး တန်းစီရတာ။ သွား မ စီနိုင်ဘူး။ အဲ့ဆိုတော့ ဈေးကြီးတဲ့ ဟာဘဲ ဝယ် သုံးရတာ” ဟု ပြောသည်။
ဗန်းမော် – မန္တလေးလမ်းအပြင် မန္တလေး – မြစ်ကြီးနား ကားလမ်းကိုလည်း တစ်လကျော်ကြာ ပိတ်ထားခြင်း ကြောင့် ဆီနှင့် အခြေခံ စားသောက်ကုန်များ ဈေးတက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မန္တလေး – မြစ်ကြီးနားလမ်းမှာလည်း တိုက်ပွဲအခြေအနေပေါ်မူတည်၍ ဖွင့်လိုက်ပိတ်လိုက် အနေအထားမျိုး ဖြစ်နေသည်ဟုလည်း ဆိုကြသည်။
ဗန်းမော် ဒေသခံတစ်ဦးက “လမ်းပိတ်ထားလေ လမ်းသွားလို့မရဘူး။ အကုန်ပိတ်ထားတာ ရန်ကုန်လမ်းကော မန္တလေးလမ်းကော မြစ်ကြီးနားလမ်းကော ကားလမ်းတွေ အကုန်ပိတ်ထားတာ။ ဟိုတလောက တစ်ခေါက် ပြန်ဖွင့်သေးတယ်လေ။ အဲ့ဒါကြောင့် အခု နည်းနည်းလေး ဆီရသွားတာ။ အရင်တုန်းက ဆီပန့်ဆိုင်တွေက လုံးဝ ပိတ်ထားတာ။ အခုကကျတော့ တန်းဆီပြီးတော့ ရတာ။ ဒါပေမယ့် ပန့်ဆိုင်တိုင်းတော့ မရဘူး။ လေကြောင်းက တော့ ဖွင့်တယ်၊ အခုက ကုန်းလမ်းတွေပိတ်ထားတော့ အရမ်းဒုက္ခရောက်တယ်။ ဈေးတွေကလည်း စျေးတွေ လျှောက်တင်နေတာ။ စားဆီတွေကော တော်တော်များများ ဈေးတက်တယ်” ဟု ပြောသည်။
ဗန်းမော်မြို့တွင်လည်း အင်တာနက်လိုင်းနှင့် MPT၊ Ooredoo ဖုန်းလိုင်းများလည်း ပျက်နေသည်မှာ တစ်လနီးပါး ရှိလာပြီဖြစ်ပြီး Atom၊ Mytel ဖုန်းလိုင်းများသာရနေသည်ဟု ဆိုသည်။ ထို့အပြင် အင်တာနက် wifi လိုင်းများ လည်း ပျက်နေသေးသည်ဟု ဗန်းမော်ဒေသခံ အမျိုးသမီးက ယခုကဲ့သို့ ဆက်ပြောသည်။
“အခုတော့ ဖုန်းပြောလို့တော့ ရပြီ။ အရင်ကဆို ဖုန်းပြောလို့တောင် မရဘူး။ ဒါပေမယ့် MPT ကတော့ လုံးဝ လိုင်း ပျက်သွားပြီး။ ဒီတိုင်းဖုန်းပြောလို့ပဲ ရတယ်။ ဘာမှ သုံးလို့မရဘူး။ ဖျက်ထားတာ အတော်ကြာပြီ။ ATOM ပဲ နည်း နည်းကောင်းတယ်။ Ooredoo ဆိုဖျက်ထားတာ တစ်လတောင် ကျော်ပြီ။ Wifi လည်း တစ်ခုမှ သုံးလို့မရဘူး” ဟု ပြောသည်။
ဗန်းမော်မြို့နှင့် ဆက်သွယ်ထားသည့် ကားလမ်းများအား ပိတ်ထားသည်မှာ တစ်လနီးပါးရှိနေပြီးဖြစ်ပြီး ထိုလမ်း များတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
KIA နှင့် PDF ပူးပေါင်းအဖွဲ့များ အဆိုပါ လမ်းများတွင် တိုက်ပွဲပြင်းထန်နေ၍ ပိတ်ထားခြင်းဖြစ်သည်ဟု ဆိုကြ သည်။