နာဂဒေသ လဟယ်တွင် ပြည်သူများ စစ်သင်တန်းတက်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။
နာဂ ဒေသ လဟယ်မြို့ဒေသခံများအား နေ့စားခပေးပြီး ပြည်သူ့စစ်သင်တန်းတက်ခိုင်းနေသည့်အပြင် ဝန်ထမ်းများလည်း သေနတ်ပစ်သင်တန်းတက်နေရသည်ဟု မြို့ခံများက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဒေသခံပြည်သူများအား နေ့စားခ ကျပ် ၇၀၀၀ စီ ပေးကာ ပြည်သူ့စစ် သင်တန်းတက်ရန် စာရင်းကောက်နေပြီး ဌာနဆိုင်ရာ ဝန်ထမ်းများမှာလည်း သေနတ်ပစ် သင်တန်း တက်နေကြရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ကျနော်တို့ ရပ်ကွက်ထဲက အမျိုးသမီးမပါဘူး ယောက်ကျားပဲ ဦးပေါ့၊ ရပ်ကွက်က ပြည်သူတွေကိုကျတော့ ပြည်သူ့စစ်သင်တန်းပေါ့။ ဝန်ထမ်းကိုကြေတော့ စစ်သင်တန်းပေါ့။ မဖြစ်မနေ တက်ရမယ်ပေါ့။ ရပ်ကွက်က လူတွေကျတော့လည်း ပြည်သူ့စစ်သင်တန်းကို တက်ရမယ်ပေါ့။ အဲ့လိုမျိုး တော်တော်များများက မတက် ချင်ပါဘူး။ သူတို့ လူလိုက်ရှာနေတာ မရဘူး ပြောသံကြားတယ်။ နေ့စားခ တစ်ရက်ကို ၇၀၀၀ ပေးမယ်လို့ ပြောတယ်။ ဝန်ထမ်းတွေတော့ ရလား မသိဘူး။ ရပ်ကွက်ထဲက ခေါ်တဲ့ဟာကျတော့ နေ့စားပုံစံမျိုးနဲ့ တစ်ရက် ၇၀၀၀ ပေးမယ်လို့ပြောတယ်” ဟု ပြောသည်။
အမျိုးသား၊ အမျိုးသမီး အားလုံး ပြည်သူ့စစ်သင်တန်းတက်ရန် ခေါ်နေခြင်း ဖြစ်သည်။ သို့သော် ကလေးမိခင်များ တက်ရန် မလို ဟု ဆက်ပြောသည်။
လဟယ် ဒေသခံက “ဝန်ထမ်းတွေကို စစ်သင်တန်း ၂ ပတ် တက်ခိုင်းတယ်။ ကျားက အသက် ၅၀ အောက်၊ မ က အသက် ၄၀ အောက် အကုန်တက်ရတယ်။ ကလေးမိခင် မပါဘူး။ နို့တိုက်မိခင် မပါဘူး။ တက်နေကြတယ်လေ မပြီးသေးဘူး။ ဒီဇင်ဘာ ၁၂ ရက်နေ့ပြီးမယ် ပြောတယ်။ ရပ်ကွက်ထဲမှာလည်း တစ်ရပ်ကွက်ကို ၁၀ ဦးစီး တက် ခိုင်းနေတယ်။ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွေ ပေါင်းပြီးတော့မှ တက်ခိုင်းဖို့ စာရင်းလိုက်ကောက်နေတယ်” ဟု ပြောသည်။
၎င်းသင်တန်းကို ခလရ ၂၇၂ လဟယ် စစ်ကောင်စီတပ်ရင်းထဲတွင် သင်ကြားပေးနေပြီး လဟယ်မြို့တွင် ရပ်ကွက် ၄ ရပ်ကွက်ရှိရာ ပြည်သူ့စစ်သင်တန်းအတွက် တစ်သုတ်လျှင် အယောက် ၄၀ သင်ကြားရမည့် အဆိုပါ ပြည်သူ့ စစ် သင်တန်းအား ဒေသခံများအနေဖြင့် ကန့်ကွက်ထားကြောင်း လဟယ်ဒေသခံက ဆက်ပြောသည်။
“ဒေသခံတွေကတော့ ရပ်ကွက်ထဲက တော်တော်များကတော့ ဒါမဖြစ်သင့်တဲ့ဟာ လုပ်နေတာပေါ့။ ကျနော်တို့ ဒေသက ဘာပဲဖြစ်ဖြစ် အဆင်ပြေနေတဲ့ ကိစ္စကို သူတို့လုပ်မှ ပိုပြီး စိန်ခေါ်သလို ရန်တိုက်ပေးနေလိုများ ဖြစ် နေမလားဆိုပြီး ပြောကြတယ်။ သင်ပေးနေတာကတော့ အဲ့တပ်ရင်းကလူတွေပဲလို့ သိရတယ်။ ဌာနဆိုင်ရာ က ဆိုရင် သေနတ်ကို ဘယ်လိုပစ်ရတယ်။ သေနတ်ကို ဘယ်လို ကိုင်ရတယ်လို့ အဲ့လိုမျိုးတွေ သင်ပေးတယ်လို့ သိရတယ်” ဟု ပြောသည်။
ပြည်သူ့စစ်သင်တန်းအတွက် စတင်စာရင်းကောက်နေသည့်အပြင် စစ်သင်တန်းကိုမု နိုဝင်ဘာလ တတိယ ပတ် ကတည်းက သင်ကြားပေးနေခြင်း ဖြစ်သည်ဟု နာဂလူငယ်တစ်ဦးက ပြောသည်။
“အခုဝန်ထမ်း တွေမတက်မနေတက်နေကြတယ်။ နေ့တိုင်း အသံတွေကြားနေရတယ်။ ဒီနေ့မှ အသံတွေ တိတ် သွားတယ်။ ရက်တိုင်း တက်နေကြတယ်လေ။ အရပ်သားပြည်သူတွေတော့ အခု မပါသေးဘူး။ တပ်တွင်းမှာ သင်တန်းပေးနေတယ်လို့တော့ သိရတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက နာဂဒေသသည် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိဘဲ ယနေ့အချိန်ထိ အေးချမ်းနေသည့် ဒေသတစ်ခုဖြစ်သည်။ ထိုသို့ အေးချမ်းနေသော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်သင်တန်းနှင့် ပြည်သူ့စစ်သင်တန်းတက်ရန် ဒေသခံပြည်သူများကို ဖိအားပေးနေသည်ဟု ဆိုကြ သည်။
လဟယ်မြို့သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဒေသဦးစီးအဖွဲ့ရုံးစိုက်ရာမြို့ဖြစ်ပြီး ၂၀၁၉ ခုနှစ် သန်းခေါင် စာရင်းအရ လူဦးရေ ၅ထောင် နည်းပါးရှိသည့် မြို့ဖြစ်သည်။