စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသူကို သေနတ်ဒဏ်ရာဖြင့် ၅ ရက်အကြာတွင် တွေ့ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။
စစ်ဆေးစရာရှိသည်ဟု ဆိုကာ စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူကို ၅ ရက်အကြာတွင်သေ နတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အလောင်းကိုသာ ပြန်တွေ့ခဲ့သည်ဟု ရွာသားများက ပြောသည်။
လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ပြင်ကြီးကျေးရွာသား ထော်လာဂျီမောင်းသူ ဦးမြင့်ဦး အသက် ၆၀ နှစ်၏ သေနတ်ဒဏ်ရာနှင့် အလောင်းကို ကျောက်ဆင်ကျေးရွာသင်္ချိုင်းတွင် ၅ ရက်အကြာ၌ ပြန်တွေ့ခြင်းဖြစ်ဟု နီးစပ်သူများက ပြောသည်။
“စစ်ဆေးစရာရှိနေလို့ ခေါ်သွားမယ် သုံးလေးရက်ကြာရင် ပြန်ပို့ပေးမယ်လို့ ပြောပြီး ခေါ်သွားတာပါ။ အလောင်း တွေ့ပြီဆိုလို့ သူမိသားစုနဲ့ ရွာသားတွေ သွားကြည့်ကြတာ” ဟု အသက် ၄၅ နှစ်အရွယ် ရွာသား တစ်ဦးက ပြော သည်။
ဦးမြင့်ဦးမှာ နေအိမ်တွင် ရှိနေစဥ် လူ ၇ ဦးက လာရောက် နိုဝင်ဘာလ ၂၉ ရက်နေ့ညပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ကျောက်ဆင်ကျေးရွာ သင်္ချိုင်းတွင် မြှုပ်နှံထားသော ပုပ်ပွနေသည့် ဦးမြင့်ဦး ၏ အလောင်းကို ဖြတ်သန်းသွားလာသူ ရွာသားတစ်ဦးက ဒီဇင်ဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
မျက်နှာတွင် နှိပ်စက်ခံထားရသည့် ဒဏ်ရာများအပြင် နားထင်၌လည်း သေနတ်ကျည်ထိ ဒဏ်ရာကို တွေ့မြင်ခဲ့ရ ပြီး အလောင်းကိုလည်း ဖြစ်သလို မြေမြှုပ်ထားသည်ကို မြင်တွေ့ခဲ့ရကြောင်း မိသားစုဝင်များနှင့် နီးစပ်သူက ပြောသည်။
ဦးမြင့်ဦးမှာ မကြာသေးခင်က ခြေတစ်ဘက် လေဖြတ်ထားသူဖြစ်ပြီး မိတ်ဆွေအပေါင်းအသင်း နည်းကာ လက် ကိုင်ဖုန်းပင် သုံးပြုတတ်သူ မဟုတ်ကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
ဦးမြင့်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရသည့် ကျောက်ဆင်ကျေးရွာ သင်္ချိုင်းကုန်းမှာပင် မိသားစုဝင်များနှင့် ရွာသား များက အလောင်းတွေ့သည့်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လည်ပိုင်း၌ပင် မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြောင်း ရွာသားများက ပြောသည်။
လောင်းလုံးမြို့နယ် အခြေစိုက် ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Dawei Defense Team (DDT – တပ်ခွဲ ၃) ကမူ ဦးမြင့်ဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ ထားဝယ် ပကဖအဖွဲ့နှင့် သက်ဆိုင်ခြင်း (လုံးဝ) မရှိကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။