ဆေးပင်စင်ယူထားသည့် ရေတပ်သားများကို ပမ္မဝတီရေတပ်မှာ လိုက်လံရှာဖွေပြီး ပြန်ခေါ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။

ဟိုင်းကြီးကျွန်း၊ ပမ္မဝတီရေတပ်စခန်းမှ စစ်သားများသည် ဆေးပင်စင်ဖြင့် စစ်တပ်မှထွက်ထားသည့် စစ်မှု ထမ်းဟောင်းများကို ပြန်လည် တာဝန်ထမ်းဆောင်ခိုင်းရန် လိုက်လံရှာဖွေ ခေါ်ယူနေသည်ဟု ဟိုင်းကြီးကျွန်း ဒေသခံအချို့က ပြောသည်။

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့ အနီးရှိ မရမ်းကွင်းနှင့် ငပြေမကျေးရွာတို့မှ ဆေးပင်စင်ဖြင့် တပ်မှ ထွက်ထား သည့် စစ်မှုထမ်းဟောင်းများကို အမည်စာရင်း အတိအကျဖြင့် ပမ္မဝတီရေတပ်မှ စစ်သားများက လာရောက် ခေါ်ဆောင်သွားသည်ဟု ဒေသခံအချို့က‌ ပြောသည်။

“သူတို့ဆီမှာ ဆေးပင်စင်ယူထားတဲ့ သူတွေရဲ့ စာရင်းပါတယ်။ နေရပ်လိပ်စာအပြည့်အစုံ အဲဒါနဲ့ လိုက်လာတာ တခြားရွာသားတွေကိုတော့ ဘာမှမလုပ်ပါဘူး။ စစ်သားဟောင်းတွေကိုပဲ ခေါ်ပြီးပြန်သွားတာ ကားသုံးစီးနဲ့ စစ်သား ၁၀ ယောက်လောက် ပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဆေးပင်စင်ယူထားသည့် စစ်သားဟောင်းများကို ပြန်လည်ခေါ်ဆောင်ကာ စစ်မှု ပြန်လည်ထမ်းဆောင်စေရန် နတခ မှ ဒီဇင်ဘာလ ၁ ရက်နေ့က ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ပမ္မဝတီရေတပ်မှ စစ်သားများက ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကျေးရွာများသို့ လာရောက်ရှာဖွေ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုသိယု့ စစ်မှုထမ်းဟောင်းများကို လာရောက်ရှာဖွေရာတွင် စစ်သာ အင်အား အယောက် ၅၀ ခန့် ရရှိခဲ့သည်ဟု ပမ္မဝတီရေတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဆေးပင်စင်နဲ့ ထွက်ထားပေမယ့် အခုထပ်ပြီး ဆေးစစ်ဦးမှာ ရှေ့တန်းပို့လို့ ရမလား နောက်တန်းမှာပဲထားပြီး လုံခြုံရေး ယူခိုင်းမလား ခွဲထုတ်ဦးမှာ။ တပ်တွေမှာ အင်အားနည်းနေတော့ အဓမ္မနည်းနဲ့ စစ်ထဲပြန်ဝင်ခိုင်းတာ ကာယကံရှင်ရဲ့ ဆန္ဒကို မမေးတော့ဘူး။”

လက်ရှိ ရရှိနေသည့် ပင်စင်လစာအပြင် တာဝန်ထမ်းဆောင်စဉ်က အဆင့်အတိုင်း လစာနှင့်ရိက္ခာကို ခံစားခွင့်ပြုပေးသွားမည်ဟု မက်လုံးပေးကြောင်း နတခနှင့် နီးစပ်သူအချို့ကပြောသည်။

ကျေးရွာအုပ်ချုပ်ရေးပိုင်း တာ၀န်ရှိသူတစ်ဦးက “စစ်တပ်က လူသစ်စုဆောင်းလို့ မရတော့ ရတဲ့နည်းသုံးပြီး စစ်တပ်ထဲကို ထည့်နေတာ။ တချို့ရွာတွေမှာ စစ်သင်တန်းတက်ဖို့ ဘယ်နှစ်ယောက် ပေးရမယ်ဆိုပြီး ဇွတ် အတင်း ခြိမ်းခြောက် ဖိအားပေး အတောင်း ခံနေရတယ်” ဟု ပြောသည်။

ပြီးခဲ့သော နိုဝင်ဘာလအတွင်းကလည်း သာပေါင်းမြို့နယ်အတွင်းမှ စစ်မှုထမ်းဟောင်းများနှင့် ရဲမှုထမ်းဟောင်း များကို စစ်မှုပြန်ထမ်းရန် စစ်တပ်မှ ခေါ်ဆောင်ခဲ့သည်များ ရှိသည်ဟု ဒေသခံအချို့ကပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းအတွင်း ဒေသခံ ပြည်သူ ကာကွယ်ရေးတပ်များတွင် ပါဝင်ခဲ့ပြီးနောက် စစ်ကောင်စီထံ ပြန်လည် အညံ့ခံခဲ့သူ အယောက် ၁၀၀ ကျော်ခန့်ကိုလည်း အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ညွှန်ကြားချက် ဖြင့် စည်းရုံးသိမ်းသွင်းကာ ပုသိမ်မြို့ နတခဝန်းအတွင်းရှိ ခလရ ၃၈ တွင် နှစ်ပတ်ကြာ စစ်သင်တန်းပေးနေသည် ဟု စစ်ပ်နှင့် နီးစပ်သူများက ပြောသည်။