အိမ်နီးချင်းနိုင်ငံများကို အလေးထားရန်လိုကြောင်း NUG ယာယီ သမ္မတပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။

အိမ်နီးချင်းနိုင်ငံများ၏ သဘောထားများမှာ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့် ပြည်တွင်း အခြေအနေအပေါ် အများကြီး သက်ရောက်မှု ရှိနေသည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆို လိုက်သည်။

တရုတ်နယ်စပ်ရှိ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်းတွင် ပြုလုပ်သည့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ၃၈/၂၀၂၃ အစိုးရ အဖွဲ့အစည်းအဝေး မိန့်ခွန်းမှာ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က အင်္ဂါနေ့တွင် ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

“ကျနော်တို့ နိုင်ငံဟာ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ပထဝီဆုံချက်နေရာမှာ ရှိနေပါတယ်။ ပြည်တွင်းက စစ် ရေးနဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေဟာ နယ်မြေချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တိုက်ရိုက် ပတ် သက် နေကြရတာ ဖြစ်ပါတယ်။ ဒီလို ပတ်သက်ထိစပ်နေတဲ့ နယ်ပယ်ကဏ္ဍ အမြောက်အမြား ရှိနေတယ်ဆို တာလည်း ကျနော်တို့ အစိုးရအဖွဲ့ဝင်တွေ အားလုံး သိနားလည်ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေသတွင်း နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှုတွေကို အလေးအနက် ထားကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်။”

ထိုသို့ သက်ရောက်မှုများ ရှိနေသည့်အတွက် ပထဝီ အနေအထားအရ နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်း နိုင်ငံများ၏ သဘောထားနှင့် ပြုမှုဆောင်ရွက်ချက်များကို ဆန်းစစ်လေ့လာပြီး နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့ကောင်း ဖြစ်အောင် ကြိုးစားလုပ်ဆောင်ဖို့ လိုအပ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ က ဆိုသည်။

ထို့အပြင် လက်ရှိ နွေဦးတော်လှန်ရေး ကာလအတွင်း နိုင်ငံ၏ စစ်ရေးသာမက အခြားသောကဏ္ဍများ၌ ပါဝင် ပတ်သက်နေသည် နိုင်ငံကြီးများ၏ အခြေအနေများကို နားလည်သဘောပေါက်မှသာ ထိရောက်စွာ လုပ် ဆောင်နိုင်မှာ ဖြစ်သည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဆက်ပြောသည်။

“ကျနော်တို့ နိုင်ငံကို စစ်ရေးအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ ပါဝင် ပတ်သက်လာတဲ့ နိုင်ငံကြီးတွေရဲ့ အနေ အထားကိုလည်း သေချာ ဂရုတစိုက် ကြည့်ရှုလေ့လာနေဖို့ လိုအပ်ပါတယ်။ ပြည်တွင်း နိုင်ငံရေးနဲ့ တိုက်ရိုက် ပတ်သက် ဆက်စပ်နေတဲ့ နိုင်ငံရေးဆက်ဆံမှုတွေအပြင် စစ်ရေးဆက်ဆံမှုကို အဓိက လုပ်ဆောင်နေတဲ့ နိုင်ငံ ကြီးတွေ ရှိနေပါတယ်။ ဒီလို စစ်ရေး နိုင်ငံရေး ဆက်ဆံမှု အလှည့်အပြောင်းတွေကို နားလည် သဘောပေါက် ပြီး နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်အခြေအနေကို တွန်းတင်နိုင်မှ/ ဆွဲတင်နိုင်မှသာလျှင် ထိရောက်တဲ့ ခြေလှမ်းတွေနဲ့ အောင်ပွဲကို အမြန်ရရှိမယ်လို့ ပြောချင်ပါတယ်။”

လက်ရှိ နိုင်ငံအတွင်း၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် နယ်စပ်ဒေသ ဧရိယာများအပေါ် ရောက်လာသော အရေးအရာကိစ္စများကို ကူညီပေးနေသည့် အိမ်နီးချင်းနိုင်ငံများကိုလည်း ကျေးဇူးတင်ကြောင်း ဒူဝါလရှီးလက ၎င်း၏ မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် စစ်အာဏာသိမ်းမှုမှ ဖြစ်ပေါ်လာသည့် ပဋိပက္ခများမှာ အိမ်နီးချင်းနိုင်ငံများအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည်အတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့် စစ်အုပ်စုကို အမြစ်ပြတ် ချေမှုန်းနိုင်ရေး တို့ကို လုပ်ဆောင်နိုင်ရန် အရေးကြီးသည်ဟု NUG ယာယီ သမ္မတ က ဆိုသည်။