ဧရာဝတီတိုင်းတွင် စက်သုံးဆီ ပြတ်၊ ပုသိမ်ရှိ ဆီဆိုင် ၃ ခုတွင်သာ အကန့်အသတ် ဖြင့် ဝယ်နိုင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။

ဧရာဝတီတိုင်းအတွင်း မြို့နယ် အများစုက စက်သုံးဆီ ရောင်းချသော ဆီပန့် ဆိုင်ကြီး ဆိုင်ငယ်များ၌ ဓါတ်ဆီ နှင့် ဒီဇယ်ဆီ ပြတ်လပ်နေသဖြင့် ဝယ်ယူ ရရှိရန် ခက်ခဲလာသည် ဟု ဒေသခံများက ပြောသည်။

စက်သုံးဆီ ရောင်းချသော ပန့်ဆိုင်ကြီးများတွင် စက်သုံးဆီ ဘောက်ဆာ (BOXER)ကား ရောက်လာချိန် နာရီပိုင်း အကန့်အသတ်နှင့်သာ ဝယ်ယူရရှိနိုင်ပြီး လမ်းဘေး၌ တနိုင်တပိုင် ရောင်းချသည့် ပုလင်းဆိုင်များနှင့် ပန့် ဆိုင်ငယ် များကလည်း ဆိုင်ဖွင့် ရောင်းချမှု နည်းပါးလာခြင်းကြောင့် ဝယ်ယူသုံးစွဲရန် ခက်ခဲလာခြင်း ဖြစ်သည်။

ပုသိမ်မြို့တွင် စက်သုံးဆီ အရောင်းဆိုင်ကြီး ၁၇ ဆိုင်ရှိသည့် အနက် ဆိုင်ကြီး ၃ ဆိုင်၌သာ အကန့်အသတ် ဖြင့် ဝယ်ယူရရှိပြီး ကျန်ဆိုင်ကြီး ၁၄ ဆိုင်၌ စက်သုံးဆီ ပြတ်နေသဖြင့် ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်၍ ဝယ်ယူ၍ မရရှိတော့ဘူးဟု ဒေသခံများက ပြောသည်။

ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူ ဦးကျော်ကြီး က “ပန့်ဆိုင်ကြီးတိုင်းမှာ ဓါတ်ဆီ နဲ့ ဒီဇယ် လိုအပ် သလောက် ဝယ်လို့မရဘူး။ အကန့်အသတ်နဲ့ ရောင်းပေးတော့ လုပ်ငန်းလုပ်ဖို့ မလောက်ငှဘူး ဖြစ်ကြရတယ်” ဟု ပြောသည်။

စက်သုံးဆီ ဝယ်ယူရာတွင် နိုင်တီတူး (92) ဓါတ်ဆီအား ဆိုင်ကယ်တစီးကို တစ်ကြိမ် ဒဿမ ၈၆ လီတာ၊ ၂၀၀၀ ကျပ်ဖိုး၊ အိုးဝေနှင့် သုံးဘီးဆိုင်ကယ် (တုတ် တုတ်) တစ်စီးကို တစ်ကြိမ်လျှင် ၄၀၀၀ ကျပ်ဖိုး၊ ဒီဇယ်ဆီသုံး အိမ် စီးကားနှင့် ဒိန်းဒေါင်းကားတစ်စီး တစ်ကြိမ်လျှင် ကျပ် ၂၀၀၀၀ ဖိုးတို့အား ဦးရာ လူတန်းစီစနစ်ဖြင့် ဝယ်ယူကြ ရသည်ဟု စက်သုံးဆီ ဝယ်ယူများက ပြောသည်။

ပုသိမ်မြို့တွင် သာမက ဖျာပုံ၊ မအူပင်၊ မြောင်းမြ၊ ပန်းတနော်၊ ဒေးဒရဲ၊ လပွတ္တာ၊ ကျောင်းကုန်း၊ မော်လမြိုင်ကျွန်း ညောင်တုန်း စသည့် မြို့နယ် တော်တော်များများ၌လည်း စက်သုံးဆီ ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှု မရှိဘဲ စက်သုံးဆီ ပြတ်လပ်ကာ ဝယ်ယူရန် ခက်ခဲနေကြသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းက စက်သုံးဆီ ရောင်းဝယ်သည့် လုပ်ငန်းရှင်များအတွက် ရရှိ‌‌သော စစ်ကောင်စီ၏ သီလဝါခွဲတန်း က နည်းပါးခြင်းကြောင့်လည်း ဒေသအတွင်း လုံလောက်မှု မရှိဖြစ်ကာ အကန့်အသတ်ဖြင့်သာ မျှဝေပြီး ရောင်း ချနေရသည်ဟု ဧရာဝတီတိုင်း စက်သုံးဆီ လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

လမ်းဘေး တနိုင်တပိုင် ရောင်းချသော ပုလင်းဆိုင်များ၊ ပန့်ဆိုင်ငယ်များအား ရောင်းချခွင့် လိုင်စင်မရှိသည်ကို စစ်ကောင်စီက အကြောင်းပြ၍ ရောင်းချခွင့် ပိတ်ထားသည့်အပြင် ရောင်းချပါက ပစ္စည်းသိမ်းပြီး ကျပ်သိန်း ၅၀ ဒဏ်တပ်မည်ဟု ဖိအား‌ပေး ခြိမ်းခြောက်ထားခြင်းခံ နေရသည်။

ပုသိမ်-ငပုတော လမ်းမကြီးဘေးမှာ ရေသန့်ဗူး၊ ပုလင်း တို့ဖြင့် ဓါတ်ဆီရောင်းသူ တစ်ဦးက “လမ်းဘေးမှာ မရောင်းရဘူး၊ ဖမ်းတယ် ဆီးတယ် ဆိုတော့ ခိုးကြောင်ခိုးဝှက် ရောင်းကြရတယ်။ ဆိုင်ခင်းပြီး မရောင်းရဲဘူး၊ ကျီးလန့်စာ စား လုပ်စားနေရတယ်။ ပန့်အသေးလေးနဲ့ ရောင်းတဲ့ အိမ်ဆိုင်တွေဆို ပန့်ပုံးကို ထုတ် မခင်းရဲ တော့ဘူး။ အိမ်လာဝယ်တဲ့ သူတွေကိုပဲ ရေသန့်ဗူးတွေထဲ ထည့်ပြီးရောင်း နေကြရတယ်” ဟု ပြောသည်။

ဓါတ်ဆီ၊ ဒီဇယ်ဆီ စက်သုံးဆီကို အလွယ်တကူ လိုအပ်သလောက် ရောင်းဝယ်၍ မရခြင်း၊ စက်သုံးဆီ ဈေးနှုန်း မြင့် တက်လာခြင်းတို့ကြောင့် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းလုပ်သူများ ယာဉ်ဖြင့် ခရီးသွားလာရေး လုပ်ငန်း လုပ်သည့်သူများလည်း အခက်ကြုံနေရသည်ဟု ဒေသခံများက ဆိုကြသည်။

ရေလမ်းခရီး အများဆုံး အသုံးပြုသော ဧရာဝတီတိုင်းအတွင်း၌ မြို့ပြနှင့် ကျေးလက် ဒေသတို့ကို ပြေးဆွဲကြ‌‌ သော ပုဂ္ဂလိက စက်လှေနှင့် ရေယာဉ်လိုင်း အချို့လည်း စက်သုံးဆီ ပြတ်လပ်မှုကြောင့် အခေါက်ရေ လျော့ ပြေးဆွဲကြရသည်ဟု ရေယာဉ်ပိုင်ရှင် အချို့က‌ ပြောသည်။

ဧရာဝတီတိုင်း၏ မြို့တိုင်းတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ စက်သုံးဆီ ရောင်းသော ပန့်ဆိုင်ကြီးများနှင့် လမ်းဘေးတွင် ပုလင်းဖြင့် ရောင်း‌သောဆိုင်များ ရှိနေပြီး ပုသိမ်မြို့တစ်မြို့ထဲ၌ပင် ဆီပန့်ဆိုင်ကြီး ၁၇ ဆိုင် လမ်းဘေးတွင် ပုလင်း၊ ရေသန်းဗူးတို့ဖြင့် ရောင်းသည့် ဆိုင် ၁၅၀ ဝန်းကျင်ရှိနေသည်။ အလားတူ ပန့်ပုံးအသေးဖြင့် ရောင်း‌ သောဆိုင်လည်း ၄၀ ကျော်ရှိသည်ဟု စက်သုံးဆီ ရောင်းချသူများ၏ ပြောပြချက်အရ သိရသည်။

ပုံစာ – (ဒီဇင်ဘာ ၈ ရက်နေ့၊ နံနက် ၆နာရီခွဲအချိန်၌ ပုသိမ်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်ကြီး တဆိုင် ရှေ့မြင်ကွင်း)