ကော့သောင်းတွင် စစ်ကြောင်းရှေ့ပြေးအဖွဲ့ တိုက်ခိုက်ခံရ၊ ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။

ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီတပ် ခြေလျင်ရှေ့ပြေးပွိုင့်ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ၂ ဦးသေပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိသွားသည်ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာအုပ်စု၊ ဖော့သုတ်ကျေးရွာ သင်္ချိုင်းအနီးတွင် မာရမ်းဒေသမှ နယ်မြေရှင်းလင်းပြီး ပြန်ထွက်လာသည့် ခမောက်ကြီးမြို့ အခြေစိုက် ခမရ – ၅၈၄ တပ်ရင်းမှ အင်အား ၂၀ ခန့်ပါ ခြေလျင်ရှေ့ပြေး (ပွိုင့်) အဖွဲ့ကို သတင်းအရ စောင့်ကြို၍ ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက်က ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက “အခုဖြစ်တဲ့နေရာမှာ အရင်ကလည်း တိုက်ပွဲဖြစ် ဖူးထားတော့ ကားတွေထားပြီး ခြေလျင်တက်လာတဲ့ ပွိုင့် အဖွဲ့ကို အနီးကပ် အပိုင် ပစ်ခတ်လိုက်ရတာပါ။ လက် ရစ် ၁ ရစ်နဲ့ ဒုတပ်ကြပ်အလောင်းဘေးက လက်နက်ကို လည်း ဝင်ကောက်လို့ နှစ်လက်တောင်ရခဲ့တယ်” ဟု ပြောသည်။

နယ်မြေရှင်းလင်းရေးအတွက် မြေတင်ကားကြီး ၁ စီး၊ အိမ်စီးကား ၂ စီးတို့ဖြင့် စစ်ကြောင်းထိုးလာသည့် အင် အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းမှ ဖော့သုတ်ကျေးရွာအလွန်၌ ကားများကို ရပ်ထားခဲ့ကာ ခြေလျင် ချီတက်လာသည့် ရှေ့ပြေးကင်းထောက်အဖွဲ့ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

မိနစ် ၂၀ ကျော်အကြာ ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ကြပ်တစ်ဦးနှင့် တပ် သားတစ်ဦးသေဆုံးခဲ့ပြီး ၂ဦး ထိခိုက်ဒဏ်ရာရရှိ သွားသည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပြီး MA 1 သေနတ်တစ်လက် သိမ်းဆည်း နိုင်ခဲ့သည်။

တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းနှစ်လောင်းကို တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဖော့သုတ်ကျေးရွာ သင်္ချိုင်းမှာပင် စစ်ကောင်စီတပ်က မီးရှို့သင်္ဂြိုဟ်သွားခဲ့သည်ဟု ရွာသားများက ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့ရာ ဖော့သုတ်ကျေးရွာ သင်္ချိုင်းအနီးမှာပင် စစ်ကောင်စီ တပ်နှင့် ပြည်သူ့ ကာကွယ်ရေး တပ် ဖွဲ့တို့ကြား ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ ဖူး သည်။

တိုက်ပွဲပြီး ဖြစ်ပြီးနောက် စစ်ကောင်စီတပ်မှ ဖော့သုတ်ကျေးရွာ သင်္ချိုင်းအရှေ့တွင် ခရီးသွားလာသူများကို နာရီ နှင့်ချီ စစ်ဆေးခဲ့သည့်အပြင် ကျေးရွာရှိ စျေးဆိုင်ပိုင်ရှင်များကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ တဆင့် ခေါ်ယူ၍ သင်္ချိုင်းဇရပ်တွင် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကာ ပြန်လွှတ်ပေးခဲ့သည်ဟု ရွာသားများက ပြောသည်။

စျေးဆိုင်ပိုင်ရှင် အချို့မှာမူ စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက်မှုကို ခံရမည်ကို စိုးရိမ်ပြီး ခေါ်ယူစစ်ဆေးသည့် နေရာသို့ မသွားဘဲ နေသူများလည်း ရှိသည်ဟုဆိုကြသည်။

ထိုသို့ စစ်ဆေးခဲ့ပြီးနောက် လုံးဖောကျေးရွာ၊ အေးချမ်းသာရွာ၊ ဖော့သုတ်ကျေးရွာများတို့တွင် ကင်းပုန်းများထား ရှိပြီး ဒရုန်းဖြင့် စောင့်ကြည့် ကင်းထောက်ခြင်းများ ပြုလုပ်ခဲ့သည်ကို စုံစမ်းသိရှိရကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအဖြစ် နိုင်ငံတစ်ဝန်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသော အချိန်နှင့် တပြေးညီ ကော့သောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်သွားတော့မည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။