ဖမ်းဝရမ်းထုတ်ထားသူ၏ ဇနီးကို နေအိမ်တွင် အင်အားအလုံးအရင်းဖြင့် ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။

စစ်ကောင်စီက ဖမ်းဝရမ်းထုတ် ခံထားရသဖြင့် တိမ်းရှောင်နေရသော ပုသိမ်မြို့က ပရဟိတအသင်း ခေါင်း ဆောင်တစ်ဦး၏ ဇနီးဖြစ်သူကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်အား အလုံးအရင်းဖြင့် နေအိမ် အတွင်း စီးနင်း ဝင်ရောက်ကာ ဖမ်းဆီးသွားသည် ဟု မြို့ခံများက ပြောသည်။

ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက်၊ မြို့ပတ်လမ်းနှင့် လှမ်းစုလမ်းထောင့်တွင် နေထိုင်သော ဦးဇော်သန့်၏ ဇနီးဖြစ်သူ အသက် ၄၅ နှစ်ဝန်းကျင်ရှိသူ ဒေါ်သဉ္ဇာအောင် (ခေါ်) မအငယ်မအား နေအိမ်တွင် ရှိနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတို့က စစ်ကား ၆ စီးဖြင့် ရောက်လာပြီး ဒီဇင်ဘာလ ၈ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်ခန့်တွင် ဖမ်းဆီးလိုက်ကြခြင်း ဖြစ်သည်။

မျက်မြင်တွေ့ရှိသူ တစ်ဦးက “စစ်သားတွေ ရဲတွေက ကားပေါ်က ခုန်ဆင်းပြီး အိမ်ထဲ ပြေးဝင်သွားတယ်။ ပြီး တော့ ဧည့်စာရင်းစစ်မလို့ ပြောတယ်။ သေနတ်တွေနဲ့ လမ်းထဲရော အိမ်ထဲရော ချိန်ထားတယ်။ နောက်တော့ စစ် ဗိုလ်က မူးနေတယ် ထင်ပါတယ်။ ဘယ်မှာလဲ ထုတ်ပေးလို့ အိမ်ထဲမှာ ဆဲဆို အော်ဟစ် ပြောသံတွေ ကြားရ တယ်။ လမ်းမ နဲ့ အိမ်က ကပ်နေလို့ ကြားကြရတာ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ က ဧည့်စာရင်းစစ်မည်ဟု ပြောကာ တစ်အိမ်လုံးကို ၂ နာရီခန့် မွှေနှောက် ရှာဖွေပြီး ဦးဇော် သန့်ကို မတွေ့သည့်နောက် ဇနီး ဖြစ်သူ ဒေါ် အငယ်မကို ဖမ်းချုပ်ခေါ်ဆောင်သွားကာ သူမ (ဒေါ်အငယ်မ) ကိုင် သော လက်ကိုင်ဖုန်းကိုလည်း သိမ်းဆည်းသွားသည်ဟု နီးစပ်သူက ပြောသည်။

အဖမ်းခံလိုက်ရသည့် ဒေါ်အငယ်မသည် အသက် ၁၂ နှစ်ရွယ် သားတစ်ဦး၊ အသက် ၇ နှစ်အရွယ် သမီးတစ်ဦးတို့ နှင့်အတူ ဆန်ခေါက်ဆွဲလုပ်ကာ ရောင်းနေသူ ဖြစ်ပြီး သူမ အဖမ်းခံလိုက်ရသည့်အတွက် ကျန်ရစ်သည့် ကလေးနှစ်ဦးကိုမူ ဆွေမျိုးများက စောင့်ရှောက်ပေးထားသည်ဟု ဆိုကြသည်။

ရပ်ကွက် အတွင်း နေထိုင်သူ တစ်ဦး က “မအငယ်မကို ဘယ်ခေါ်သွားသလဲ မသိသေးဘူး။ ရဲစခန်းကရော ရပ် ကွက်ရုံးကရော သူတို့မသိဘူး ပြောတယ်။ သူ့ယောက်ကျားကသာ ရပ်ရွာအရေး သာရေး နာရေးတွေ ဝါသနာ ပါတာ။ မိန်းမဖြစ်သူက အဲ့ဒါတွေ ဘာမှ မသိ ဘူးလေ။ အခုလည်း လူလို နားမလည်တဲ့ ကောင်တွေက ရိုက်ကြ နှက်ကြမှာ မိသားစုက စိုးရိမ်နေတယ်” ဟု ပြောသည်။

ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်ဟောင်းတစ်ဦးက ဒေါ်သဉ္ဇာအောင် (ခေါ်) ဒေါ်အငယ်မကို ယခုကဲ့သို့ ဖမ်းဆီး ခြင်းမှာ ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တရားမဲ့ပြုမူခြင်း ဖြစ်သည်ဟု ထောက်ပြ ပြောဆိုသည်။

စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်းထုတ်ကာ လိုက်ရှာနေသော ဦးဇော်သန့် ဆိုသူမှာ ရွှေပန်းတိမ် ပညာရှင် တစ်ဦးဖြစ်ပြီး ရပ်ကွက်ထဲက ပရဟိတ လူမှုရေးအသင်း ခေါင်းဆောင်တစ်ဦး ဖြစ်ကာ၊ စစ်တပ် အာဏာသိမ်းမှု ကို ဆန့်ကျင် ဆန္ဒပြခဲ့သော်လည်း မည်သည့် နိုင်ငံရေးပါတီကမှ မဟုတ်ဘူးဟု နီးစပ်သူများက ပြောသည်။

စစ်တပ်က အာဏာပြီးနောက် ပုသိမ်မြို့တွင် အကြမ်းဖက် ရိုက်နှက် ပစ်ခတ် ဖမ်းဆီးမှုများ ပြုလုပ်လာချိန်က စပြီး ဦးဇော်သန့်သည် ရပ်ကွက်အတွင်း ပြန်လာခြင်း မရှိတော့ကြောင်း၊ ယခုအိမ်သို့ ပြန်မလာတော့သည်မှာ သုံး နှစ်နီးပါး ရှိနေပြီဟု ရပ်ကွက်အုပ ချုပ်ရေး အဖွဲ့ဝင် အချို့က ဆိုသည်။