သရက်ချောင်းတွင် အရက်ဆီ ပေပါများ ဖမ်းဆီးရမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။
သရက်ချောင်းမြို့နယ်အတွင်း ကုန်ကားတစ်စီးတွင် အရက်ဆီပေပါများကို ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိန်းငှက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ Falcon TYC PDF တာဝန်ရှိသူက ပြောသည်။
ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများအား တားဆီးစစ်ဆေးနေစဉ် မန္တလေး မြနဒီစက်ရုံထုတ် အရက်ဆီ ပီပါ ၅၀ (ဂါလံ ၂၅၀၀ ) ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
တာဝန်ရှိသူက “ကားပေါ်မှာ တခြားပစ္စည်းဘာမှ မပါဘူး။ အရက်ဆီပေပါတွေလောက်ပဲ တွေ့ရတယ်။ ကား သမားတွေကို စစ်မေးကြည့်တော့ မန္တလေးမြန ဒီစက်ရုံကထုတ်တဲ့ အရက်ဆီတွေ မှန်းသိရတယ်။ စစ်ကောင်စီနဲ့ ပိုင်ရှင် တရုတ်နှင့် ဖက်စပ်လုပ်ကိုင်နေတဲ့ စက်ရုံလို့ပြောပါတယ်” ဟု ပြောသည်။
နယ်မြေရှင်းလင်းရေးနှင့် လမ်းကြောင်းလုံခြုံရေးအတွက် ထားဝယ်-မြိတ်သွား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ကင်းလှည့်ဆောင်ရွက်နေစဉ် အောက်သရက်ချောင်းနှင့် ပိတောက်ကြီးကျေးရွာအကြားတွင် ဒီဇင်ဘာလ ၃ ရက် နေ့၊ ညနေ ၃ နာရီခန့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။
ဖမ်းဆီးရမိခဲ့သည့် အရက်ဆီ ပေပါအလုံး ၅၀ နှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်သို့ တင်ပြခဲ့ ပြီးနောက် အဖွဲ့စည်းများ၏ ဆုံးဖြတ်ညွှန်ကြားချက်အရ အရက်ဆီ ပေပါများအားလုံးကို ဒီဇင်ဘာလ ၅ ရက်နေ့၊ ည ၈ နာရီတိတိတွင် ဖောက်သွန်ချကာ ဖျက်ဆီးပစ်ခဲ့ကြသည်။
ထို့အပြင် အရက်ဆီပေပါများအား တင်ဆောင်လာသည့် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်တို့ ၂ ဦးစလုံးကို လည်း ခံဝန်လက်မှတ်ရေးထိုးစေ၍ ယာဉ်နှင့်အတူ ဖျက်ဆီးလိုက်သည့်နေ့မှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီး ဖျက်ဆီးခဲ့ရာတွင် ပါဝင်ခဲ့သူ PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လအစ ပထမပတ်အတွင်းကလည်း မန်းမြန်မာရမ် အရက်ပုလင်း နှစ်ထောင်ကျော်ကို သိန်း ငှက် ပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးဖျက်ဆီးခဲ့ဖူး သေးသည်။
သရက်ချောင်းမြို့နယ်အတွင်း သိန်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Falcon TYC PDF မှ တာဝန်ယူထားသည့် နယ်မြေအတွင်း စစ်ကောင်စီထုတ်ကုန်များ နှင့် စစ်ကောင်စီ ထောက်တိုင်များ၏ ထုတ်ကုန်ပစ္စည်းများနှင့် ပတ် သက်ပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်လျှက်ရှိနေခြင်းကြောင့် ကုန်တင်ယာဉ်များ အနေဖြင့် ဥပဒေ အရ တရားဝင် ရှာဖွေစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံ တောင်းဆိုထားသည်။