မြိတ်တွင် ပြည်ခိုင်ဖြိုးဝန်ကြီးဟောင်း နေအိမ်ဗုံးပေါက်ကွဲ၊ ပစ်ခတ်ဖမ်းဆီးမှုများပါရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။
မြိတ်မြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဝန်ကြီးဟောင်းတစ်ဦး နေအိမ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု မြိတ်မြို့ခံများကပြောသည်။
မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ တက္ကသိုလ်ရပ်ကွက်၊ မြရိပ်ညို ၁၁ လမ်းရှိ ဝန်ကြီးဟောင်း ဦးသိန်းလွင်နေအိမ် တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်ခန့်က ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ကျွန်းစုမြို့နယ် မောင်းလှော်ရွာသား ဦးသိန်းလွင်သည် အရပ်သားအစိုးရမတိုင်မှီ သမ္မတဦးသိန်းစိန်လက်ထက် က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တနင်္သာရီတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဟောင်း တစ်ဦး ဖြစ်သည်။
လက်ရှိတွင်မူ မောင်းလှော်ကျေးရွာက ပျူစောထီးခေါင်းဆောင်လည်း ဖြစ်သည်ဟု တက္ကသိုလ်ရပ်ကွက်မှ ရပ်မိ ရပ်ဖ တစ်ဦးက ပြောသည်။
ပုလဲဒီပါ ရပ်ကွက်နေ အသက် ၄၀ ခန့်အရွယ် အမျိုးသား တစ်ဦးက “ရပ်ကွက်ချင်း ကပ်နေတာတောင်မှ ဂျိမ်း ဆိုပြီးအသံကြီးက တော်တော်ကြမ်းတယ်။ မြေကြီးပါတုန်သွားတယ်၊ သိပ်မကြာဘူး လူထိခိုက်တာရှိလို့ ထင် တယ်။ အရေးပေါ် လူနာတင်ကားတွေ သွားလာနေတဲ့ အသံတွေ ကြား နေရတယ်။ ကားနဲ့အိမ်တော့ ပျက်စီး သွားတာတွေ ရှိတယ်လို့တော့ သိရတယ်” ဟု ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နှင့် ရဲများရောက်ရှိလာပြီး တက္ကသိုလ်ရပ်ကွက် အပါအဝင် မြိတ် တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ကွက်နှင့် အင်းလေးမြိုင် ရပ်ကွက်များတွင် လျှပ်စစ်မီးဖြတ်တောက်ပြီး ရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ရွှေပြည်တန် မီးပွိုင့်လမ်းဆုံတွင် စစ်ဆေးနေသည့် စစ်သား နှင့် ရဲများက မသင်္ကာသူ လူလတ်ပိုင်းအရွယ် ၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို မြင်ခဲ့ရသည်ဟု စစ်ဆေးခံခဲ့ရသူ ရွှေပြည်တန်ရပ်ကွက်သား တစ်ဦးက ပြော သည်။
အင်းလေးမြိုင် ရပ်ကွက် အတွင်းသို့ ဝင်ရောက်ရှာဖွေ စစ်ဆေးစဥ် ကြောက်လန့်ပြီး ထွက်ပြေးသည့် အမျိုး
သားတစ်ဦးကိုမူ စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့ခြင်းကြောင့် သေနတ်ကျည် ထိမှန် ဒဏ်ရာ ရရှိခဲ့သေးသည်။
ထို့အပြင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များက မြို့ပေါ် လုံခြုံရေးကို တိုးမြှင့်ချထားကာ အဓိက လမ်းဆုံ နေရာများဖြစ်သည့် မြို့သစ်၊ တိုးချဲ့၊ ရွှေပြည်တန်၊ အင်းလေးမြိုင်၊ အဝေးပြေးကားဝင်းအသစ်၊ လေယာဥ်ကွင်း လမ်း၊ စပါးရွှေဝါလမ်း၊ မြိတ်တက္ကသိုလ် အရှေ့လမ်း၊ ကမ်းနားလမ်းတို့တွင် မြို့ပတ်ကင်းလှည့်မှုများကို ည
လုံးပေါက် နီးပါး ပြုလုပ်နေခဲ့ကြောင်း မြို့ခံများက ဆိုသည်။
မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ညစဥ် ဖမ်းဆီးစစ်ဆေးမှုများကို တကြော့ပြန် ပြန်လည် ပြုလုပ်လျက်ရှိနေပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ ညပိုင်းကလည်း မြိတ်အခြေစိုက် Dawei Watch သတင်းမား နှစ်ဦးကို ဖမ်းဆီးခဲ့သေးသည်။