ရဲကားပစ်ခတ်ခံရပြီး အရာရှိအပါအဝင် ၃ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း Honda Fit အမျိုးအစား အနက်ရောင် ရဲကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရ ပြီး ကားပေါ်တွင် ပါလာသူ ဒုရဲအုပ်အပါအဝင် ၃ ဦး သေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
ပစ်ခတ်ခံထားရသည့်ကားကို မြင်တွေ့ခဲ့ရသည့် ခရီးသည်တင် ကားသမားများမှ ကလိန်အောင်ရဲစခန်းသို့ အကြောင်းကြားပေးခဲ့ကြခြင်း ဖြစ်သည်။
မျက်မြင်တွေ့ခဲ့သည့် ကားသမားတစ်ဦးက “ကားတစ်စီးပစ်ခံထားရတာက မြင်ရက်စရာမရှိဘူး။ အရှေ့မှန်ရော အနောက်မှန်တွေရော အကုန်လုံးကြေမွနေတယ်၊ ရှေ့တာယာလည်း ပေါက်နေတယ်။ ကားအရှေ့ခန်းမှာရော အနောက်ခန်းမှာရော သွေးတွေနဲ့ ၃ယောက်စလုံး ရုပ်ပျက်ဆင်းပျက် တွေ့ရတယ်” ဟု ပြောသည်။
ရေး – ထားဝယ်သွား ပြည်ထောင်စု ကားလမ်းပိုင်းပေါ်ရှိ ကလိန်အောင်မြို့အနီး မိုင် ၆၀ ကျေးရွာနှင့် သာယာမွန် ကျေးရွာ အကြားတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၈ နာရီခွဲခန့်က ပစ်ခတ်ခံရခြင်း ဖြစ်သည်။
ကလိန်အောင် မြို့မရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့က ကားနှစ်စီးဖြင့် မလွဲတောင် စစ်ဆေးရေးဂိတ်မှ ဖမ်းဆီးရမိထား သည့် မူးယစ်ဆေးဝါးများအား သယ်ယူရန်အတွက် သွားရောက်စဥ် ဒုရဲအုပ် စီးလာသည့် ကားပစ်ခံရခြင်းဖြစ်ပြီး အရှေ့ကား ပစ်ခတ်ခံနေရသည့် အချိန် အနောက်မှ စခန်းမှူးကား နောက်ပြန်လှည့်နိုင်ခဲ့သဖြင့် လွတ်မြောက်ခဲ့
သည်ဟု ရဲစခန်းနှင့် နီးစပ်သူများကပြောသည်။
ပစ်ခတ်ခံရပြီး သေဆုံးသွားသူများမှာ ကလိန်အောင် မြို့မရဲစခန်းမှ နယ်ထိန်း ဒုရဲအုပ် နိုင်မင်းအောင်၊ တပ်ကြပ်
ကြီးမောင်နု နှင့် ရဲတပ်သားအဆင့်ရှိသူ တစ်ဦးတို့ ဖြစ်ကြသည်။
သေဆုံးသွားသူ ရဲတပ်ဖွဲ့ဝင်များ၏ အလောင်းများကို ထိုနေ့ နေ့လယ်ပိုင်းမှာပင် မိသားစုဝင်များက သွားရောက် ကောက်ယူပြီး ကလိန်အောင်မြို့ဆေးရုံသို့ သယ်ယူလာခဲ့ကြောင်း မြို့ခံများကဆိုသည်။
ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည့်အပြင် သေနတ် သုံးလက်နှင့် ဖုန်းတစ်လုံး ဆုံးရှုံးခဲ့ရကြောင်း ရဲသတင်းအရင်းအမြစ်က ဆိုသည်။
ရေဖြူမြို့နယ်အတွင်း ရေး – ထားဝယ်သွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် စစ်ကောင်စီ ယာဥ်တန်းများ မိုင်းဆွဲ တိုက်ခိုက်ခံရလေ့ရှိပြီး ခရီးသည်တင်ကားများ၊ ကုန်တင်ကားများနှင့် ဌာနဆိုင်ရာကားများလည်း မကြာခဏပစ်ခတ်ခံရလေ့ရှိသည်။