မောရဝတီရေတပ်က ဈေးသည် အမျိုးသမီး တစ်ဦးအား ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် စျေးရောင်းနေသည့် အမျိုးသမီးတစ်ဦး စစ်ကောင်စီ ရေတပ် ၏ ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံသူမှာ မဂ္ဂင်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် ဒေါ်သဲစုမိုးဖြစ်ပြီး မောရဝတီရေတပ်က ကားနှစ်စီးနှင့် နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
မိသားစု နှင့် နီးစပ်သူ အသက် ၄၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးက “ကားနှစ်စီးနဲ့ ရောက်လာပြီး ဖမ်းသွား တယ်။ အင်အားက နှစ်ဆယ်လောက်ရှိတယ်။ ဖုန်းတစ်လုံးပါ ယူသွားတယ်။ စစ်ဆေးမေးမြန်းစရာ ရှိတယ်။ ခဏလိုက်ခဲ့ပေးပါလို့ ပြောဆိုပြီး ကားပေါ်ကို ခေါ်တင်သွားတယ်” ဟု ပြောသည်။
ဒေါ်သဲစုမိုးကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခြင်းမလုပ်ခင် လှည်းကုန်း အမှတ် (၁) ရပ်ကွက်ရှိ နေအိမ်တစ်ခုကို စစ်ကောင်စီတပ်က အရင်ဆုံး ဝင်ဝိုင်းကာ ထိုအိမ်မှ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးကို ခေါ်ယူကာ နေအိမ်ကို လိုက်ပြခိုင်းခဲ့ဖြစ်ကြောင်း ရွာသားအချို့က ဆိုသည်။
မောရဝတီရေတပ်မှ ကား ၂ စီးဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၁ နာရီခွဲခန့်အချိန်က နေအိမ်တွင် လာရောက် ဖမ်း ဆီးသွားခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူ ဒေါ်သဲစုမိုးသည် နိုင်ငံရေးနှင့် ပတ်သက် ဆက်နွယ်သူမဟုတ်ဘဲ နေအိမ်တွင် စျေးဆိုင်ရောင်းချ သည့် အလုပ်ကို လုပ်ကိုင်နေသူသာ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဒေါ်သဲစုမိုးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဆက်အသွယ်မရဘဲ စုံစမ်း၍လည်း မရသဖြင့် မိသားစုဝင်များ က စိုးရိမ်သောက ဖြစ်နေကြသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ဒေါ်သဲစုမိုးကို အုန်းပင်ကွင်းကျေးရွာ အခြေစိုက် မောရဝတီ ရေတပ်စခန်း ဌာန ချုပ်တွင် ဖမ်းဆီးစစ်ဆေးနေကြောင်း မိသားစုဝင်များက ဆိုသည်။
ကံပေါက်ဒေသတွင် ပစ်ခတ်မှုနှင့် ပေါက်ကွဲမှု ဖြစ်စဥ်များ ဖြစ်ပွားတိုင်း ကံပေါက်ဒေသခံ ပြည်သူများကို မောရ ဝတီ ရေတပ်က ဖမ်းဆီးစစ်ဆေးမှုများ အမြဲပြုလုပ်လျှက်ရှိနေကြောင်း ဆိုကြသည်။
ထို့အပြင် ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ အုန်းပင်ကွင်း ကျေးရွာတွင် အခြေစိုက်ထားသည့် မောရဝတီ ရေတပ်ဌာနချုပ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရကြောင်း တပ် တွင်း သတင်းအရင်းအမြစ်များ နှင့် ရွာသားများက ပြောသည်။
မောရဝတီ ရေတပ်စခန်းဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခံရပြီးနောက် ဒေါ်သဲစုမိုး ဖမ်းဆီးခံလိုက် ရခြင်း ဖြစ်သည်။
ဓါတ်ပုံ – အဖမ်းခံရသူ ဒေါ်သဲစုမိုး