သေဒဏ်ချမှတ်ထားသော နိုင်ကျဉ်းအချို့အား ပုသိမ်ထောင်သို့ ပို့ဆောင်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။

ဧရာဝတီတိုင်းက ပုသိမ်အကျဉ်းထောင်ထဲ စစ်ကောင်စီက သေဒဏ်ချမှတ်ထားသော နိုင်ငံရေးအကျဉ်းသား ၁၈ ဦး ရှိနေသည်ဟု အကျဉ်းဦးစီးဌာန အသိုင်းအဝိုင်းထံမှ သိရသည်။

သေဒဏ် ချမှတ်ခံထား ရသောသူများမှာ အင်းစိန်ထောင် မှ ပုသိမ်ထောင်သို့ ပြောင်းရွှေ့လိုက်သည့် နိုင်ငံရေး အကျဉ်းသား အမျိုးသမီး တစ်ဦး နှင့် အမျိုးသား ၃ ဦး၊ ဖျာပုံထောင်မှ ပြောင်းရွှေ့လိုက်သည့် နိုင်ငံရေး အကျဉ်း သား အမျိုးသား ၁၄ ဦး တို့ ဖြစ်ကြသည်။

အကျည်းဦးစီးဌာန ဝန်ထမ်းတစ်ဦးက “အားလုံးက နိုင်ငံရေးသမားတွေချည်းပါပဲ။ အကြမ်းဖက်မှု၊ ဒလန်ကို သတ်တဲ့အမှုအပြင် အမှုတွေ လေးငါးမှုနဲ့ အမိန်ချခံရသူတွေဗျ။ ကြိုး ၂ကြိုး အမိန့်ချရတဲ့ သူတွေလည်း ပါ တယ်။ သေဒဏ်ရော ထောင်ဒဏ် နှစ်ရှည်ရော အမိန့်ချခံထားရတဲ့ သူတွေလည်းပါတယ်” ဟု ပြောသည်။

ဖျာပုံထောင်မှ ပြောင်းရွှေ့လာသူများအနက် ဖျာပုံထောင်တွင်း အထူးတရားရုံးက အောက်တိုဘာလ ၂၀ ရက်နေ့ တွင် အမိန့်ချလိုက်သော ကိုစံလင်းစံ၊ ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကျော်ဆန်း ဦး၊ ကိုကိုအောင်၊ ကိုအောင်မိုး မြင့်နှင့် ကိုဝဏ္ဏထွန်းတို့ ပါဝင်သည်။ ၎င်းတို့ ၇ ဦးမှာ ကြိုးမိန့် ၂ မိန့် နှင့် ထောင်ဒဏ် ၃၅ နှစ်စီ အမိန့်ချခံ ထားရသူ များဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စက်တင်ဘာလတွင်လည်း ဖျာပုံထောင်တွင်း တရားရုံးမှပင် သေဒဏ် ကြိုးမိန့် တမိန့် နှင့် ထောင်ဒဏ် ၁၀ နှစ် ကျော် ချခံခဲ့ရ‌သော မအူပင်မြို့က ကိုဝေယံကျော်၊ ဘိုကလေးမြို့ နယ်ခံများဖြစ်သည့် ဦးဌေးဝင်း၊ ကို ကျော်မိုးလွင်၊ ကိုဇော်ဝင်းထွန်း၊ ကိုနိုင်ဝေလင်း၊ ကိုပြည်စုံဖြိုး နှင့် ကိုမင်းသူအောင်တို့ ၇ ဦး တို့လည်း ပုသိမ် ထောင်ထဲ၌ ရှိနေကြသည်။

ဖျာပုံဒေသခံ တရားလွှတ်တော် ရှေ့နေတစ်ဦးက “သူတို့ ၁၄ ယောက်ကို ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေး က စစ်ကောင်စီရဲ့ အမိန့်အရ ဆိုပြီး သေဒဏ်တွေချခဲ့တာ ဧရာဝတီတိုင်းထဲမှာတော့ သူ (တရားသူကြီး ဒေါ်သူဇာ အေး)က နိုင်ကျဉ်းတွေကို သေဒဏ်ပေးတာ စံချိန်တင်တယ်” ဟု မှတ်ချက်ပြု ပြောဆိုသည်။

ကိုစံလင်းစံ အပါအဝင် ၁၄ ဦး စလုံးကို စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာ အေးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂-၁ (ခ)၊ အကြမ်းဖက် တိုက်ဖျက်ရေး ပုဒ်မ ၅၀-က၊ ၅၀ – ဈ နှင့် ၅၂ – က တို့ ဖြင့် စွဲချက်တင်ကာ အမိန့်ချခဲ့ခြင်း ဖြစ်သည်။

အင်းစိန် အကျဉ်းထောင်တွင်း တရားရုံးမှ အကြမ်းဖက် တိုက်ဖျက်ရေး ပုဒ်မများဖြင့် သေဒဏ် အမိန့်ချခံထား ရသော အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၃ ဦးမှာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ပုသိမ်အကျဉ်းထောင် ကို ပြောင်းရွှေ့ခံထားခြင်း ဖြစ်သည်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ဧရာဝတီတိုင်းအတွင်း၌ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ဖျာပုံ၊ ဟင်္သာတမြို့တို့တွင် အကျဉ်းထောင်များ ရှိသည့် အနက် ပုသိမ်ထောင်တွင် သေဒဏ်နှင့် နှစ်ကြီး ကျခံနေရသော အကျဉ်းသားများကို ချုပ်နှောင်လေ့ရှိပြီး နိုင်ငံရေး အကျဉ်းသားများကို ထောင်အာဏာပိုင်များက မကြာခဏ အနိုင်ကျင့် နှိပ်စက်လေ့ရှိသည်ဟု ပုသိမ်ထောင်က ပြန်လွှတ်လာသည့် သူများက ပြောသည်။