အိမ်ထောင်စု စာရင်းနှင့် ဖုန်းများ လိုက်လံ စစ်ဆေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့များ မိုင်းဆွဲခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။
သရက်ချောင်းမြို့နယ်၊ ညောဇင်ကျေးရွာရှိ နေအိမ်များတွင် ဖုန်းနှင့် အိမ်ထောင်စုစာရင်း လိုက်စစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်း ခံခဲ့ရသည်ဟု ရွာသားများက ပြောသည်။
ရွာမြောက်ပိုင်းက နေအိမ်များတွင် ဖုန်းနှင့် အိမ်ထောင်စု စာရင်းများ စစ်ဆေးပြီး ထွက်လာချိန် ညောင်ဇင်ကျေး ရွာ စျေးနှင့် အထက်တန်းကျောင်းကြားရှိ တံတားအနီးတွင် မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မိုင်းဆွဲခံခဲ့ရ ဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။
အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက “လမ်းမတန်းစစ်ဆေးပြီးတဲ့ အချိန်တွင် ပေါက်ကွဲခဲ့ပြီး ထိခိုက်သူ မရှိခဲ့ဘူး။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ အမျိုးသားတစ်ယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်” ဟု ပြောသည်။
အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၈ နာရီ အချိန်ခန့်က ကား ၃ စီးဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ၎င်းတို့က လမ်းသွားလမ်းလာများကို သေနတ်ဖြင့် လှမ်းပစ်ခတ်ခဲ့ရာမှ အမျိုးသားတစ်ဦး ပစ်ခတ်ခံလိုက်ရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အမျိုးသားကိုမူ သုံးဘီးဆိုင်ကယ်တစ်စီးနှင့်အတူ ထားဝယ်ဆေးရုံသို့ ပို့ဆောင် လိုက်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုသည်။
ညောင်ဇင်ကျေးရွာသို့ ရောက်လာသည့် စစ်ကောင်စီတပ်မှ ရွာမြောက်ပိုင်းအပြင် ရွာအနောက်ပိုင်းနှင့် ငါးဝေဆိပ် ဆိုသည့်နေရာများကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ခြောက်လှန့်ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး နေ အိမ်အလိုက် အိမ်ထောင်စု စာရင်းများနှင့် လက်ကိုင်ဖုန်းများကို လိုက်လံစစ်ဆေးခဲ့ကြောင်း ရွာသားများက ပြော သည်။
စစ်ကောင်စီတပ်ဖွဲ့က ညနေ ၅ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြပြီးနောက် လယ်ကွင်းထဲ၌ ရှိနေကြသော အသက်ကြီးပိုင်း အမျိုးသားသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သရက်နှစ်ခွကျေးရွာသို့ ရောက်သည့်အချိန်မှ သာ ပြန်လွှတ်ပေးခဲ့သည်ဟု ရွာသားများက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်ထဲက ဥတ္တူကျေးရွာထဲသို့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်ဆောင်နှင့် မကြာသေးမီက ဖွင့် လှစ်ထားသော ယာယီစာသင်ကျောင်း တစ်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြသေးသည်။