အလှပြင်ဆိုင်မှ ညီအမ နှစ်ဦးကို စစ်တပ်က ဖမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ လှည်းကုန်း ၂ ရပ်ကွက်တွင် အလှပြင်ဆိုင်ဖွင့်ထားသည့် ညီ အစ်မနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ အလှပြင်ဆိုင်ဖွင့်ထားသူ ညီမဖြစ်သူ မမော်မော်ရှိန် နှင့် အစ်မဖြစ်သူ မနော်နော်ရှိန်တို့ ဖြစ် သည်ဟု ပြောသည်။

အိမ်နီးချင်းဖြစ်သူ အသက် ၄၅နှစ်ခန့်အရွယ် ရွာသားတစ်ဦးက “အလှပြင်ဆိုင် ဖွင့်ထားတဲ့ ကောင်မလေးနဲ့ သူ့ အစ်မကို ဝင်ဖမ်းသွားတယ်၊ မြန်မြန်လုပ် အချိန်မရှိဘူးလို့ပြောပြီးကားပေါ်သို့တင်ဆောင်သွားတယ်” ဟု ပြော သည်။

မောရဝတီရေတပ်မှ အိမ်စီးကားဖြင့် နေအိမ်တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်း၂ နာရီ အချိန်ခန့်က လာ ရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု အိမ်နီးချင်းဖြစ်သူက ပြောသည်။

ယခုဖမ်းဆီးခံလိုက်ရသည့် ညီအမနှစ်ဦးအပါအဝင် တပတ်အတွင်း စစ်ကောင်စီ၏ မောရဝတီရေတပ်စခန်းတွင် ဖမ်းဆီးချုပ်နှောင် ခံထားရသူ ကံပေါက်ဒေသမှ အရပ်သား ခြောက်ဦးအထိ ရှိနေပြီဖြစ်ကြောင်း ရွာသားများက ပြောသည်။

ယခုကဲ့သို့ အိမ်စီးကားများ အသုံးပြုပြီး နေအိမ်အထိ လိုက်လံဖမ်းဆီးခြင်းမျိုးမှာ ပြီးခဲ့သည့် သပိတ်ကာလ နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ပြန်လည်လုပ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ညီအစ်မနှစ်ဦးကို အုန်းပင်ကွင်းကျေးရွာ အခြေစိုက် မောရဝတီ ရေတပ်စခန်း ဌာနချုပ်တွင် ဖမ်းဆီး စစ်ဆေးနေကြောင်း ရွာသားတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံရသူများမှာ စျေးဆိုင်ရောင်းသူများ၊ ယာဥ်မောင်းသူများနှင့် သာမာန်အရပ်သားများသာဖြစ်ကြပြီး မိသားစုများနှင့် ဆက်သွယ်မှု မရရှိသေးသည့်အပေါ် စိတ်ပူစိုးရိမ်နေကြရသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ညသန်းခေါင်ယံအချိန်က ဖမ်းဆီးစစ်ဆေးခံလိုက်ရသည့် ကံပေါက်ဒေသခံ လေးဦးမှာ လည်း ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ရွာသားများက ပြောသည်။

မောရဝတီ ရေတပ်စခန်းဌာနချုပ် ဗုံးသီးချ တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသူ ခြောက်ဦး အထိရှိလာပြီဖြစ် သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်ကလည်း ကံပေါက်ဒေသတွင် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသည့် အမျိုးသား နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် တစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့သည်။