စက်သုံးဆီများ အုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် ဝယ်နေရ၊ ထောက်ခံစာအတွက် ငွေပေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။

ကန်ကြီးထောင့်မြို့တွင် လယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် လိုအပ်သည့် စက်သုံးဆီ ကို ရပ်/ကျေး အုပ်ချုပ်ရေးမှူး ထောက်ခံစာနှင့် ဝယ်ယူနေရသည်ဟု လယ်သမားအချို့က ပြောသည်။ ထောက်ခံစာ တစ်ဆောင်အတွက်လည်း ကျပ် ၁၀၀၀ ပေးရသည်ဟု ပြောသည်။

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ လယ်သမားများမှာ ဆောင်းစပါး စိုက်ပျိုးရာတွင် မဖြစ်မနေ အသုံးပြုရန် လိုအပ်သည့် ဆီကို ဝယ်ယူရရှိရန်အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးထံမှ ထောက်စာယူနေရသည်ဟု ကန်ကြီး ထောင့်မြို့နယ်မှ လယ်သမားအချို့က ပြောသည်။

“အခုက ဆီဆိုင်မှာ တန်းစီပြီး ရောင်းပေးသလောက်ကိုပဲ ၀ယ်နေကြရတာလေ။ လယ်သမားတွေက အုပ်ချုပ် ရေးမှူး ထောက်ခံစာလေးပြပြီး တစ်သောင်းခွဲဖိုး ဝယ်လို့ရတယ်” ဟု ကျွန်းချောင်းကျေးရွာမှ လယ်သမားတစ်ဦး က ပြောသည်။

ထိုသို့ ဆီဝယ်ယူခွင့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးထံ ထောက်ခံစာတောင်းရသည့်အပြင် အဆိုပါ ထောက်ခံ စာအတွက် တစ်စောင်လျှင် ငွေကျပ် ၁၀၀၀ ပါ ပေးရသည်ဟု တောင်သူများက ပြောသည်။

ကိုးဆူကျေးရွာမှ လယ်သမားတစ်ဦးက “လယ်ရေတင်ဖို့အတွက် ဆီမရှိလို့ မဖြစ်ဘူး။ ရက်ပတ်နဲ့ တင်ရတာလေ။ တစ်သောင်းခွဲဖိုးက ဆီတစ်ဂါလံခွဲ လောက်ပဲရတာ‌။ လောက်လောက်ငှငှ မရှိတော့ ဈေးကြီးပေးပြီး ခိုးကြောင် ခိုးဝှက် ၀ယ်နေရတယ်” ဟု ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာနှင့် ရောင်းချသဖြင့် လယ်စိုက်ဧကပေါ် မူတည်ကာ ရေတစ်ခါသွင်းလျှင် ကုန်ကျနိုင်သည့် ဆီပမာဏကို တွက်ချက်ပြီး ပြည့်စုံအောင် ရောင်းချပေးရန်လိုအပ်သည်ဟု လယ်သမားအချို့က ပြောသည်။

“လယ်သမားတွေဘဝက ဆီရဖို့အရေး အုပ်ကြီးကို မျက်နှာချို သွေးနေရတယ်။ ရွာတွေမှာ ဆီထောက်ခံစာ ဈေး ကွက်တောင် ပေါ်နေတာဗျ” ဟု ဂွေးကုန်းကျေးရွာမှလယ်သမားတစ်ဦးကပြောသည်။

အမှန်တကယ် ရေသွင်းရန် လိုအပ်နေသော လယ်သမားများမှာ စက်သုံးဆီ အရောင်းဆိုင်ကြီးများမှ ဆီ‌လုံ လောက်စွာ မရရှိသဖြင့် အခက်အခဲများ ကြုံနေကြရပြီး ဈေးကြီးပေး ဝယ်ယူသုံးစွဲနေကြရသည်ဟု ဆောင်းစပါး စိုက်ပျိုးသည့် လယ်သမားအများစုက ပြောသည်။

ဆောင်းစပါး တစ်ဧကအတွက် ရေသွင်းရန် စက်သုံးဆီ သုံးဂါလံခန့် အသုံးပြုရသဖြင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၏ ထောက်ခံစာနှင့် ရောင်းချပေးသည့်ဆီမှာ တစ်ဧက စပါးစိုက်ခင်းအတွက် တစ်ကြိမ်ရေ သွင်းရန်သာ လုံလောက်မှု ရှိသည်ဟု ဆောင်းစပါးစိုက်ပျိူးသည့် လယ်သမားများက ပြောသည်။