ပုသိမ်တွင် စက်ရုံများ ပိတ်သောကြောင့် အလုပ်သမား ၃၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က အထည်ချုပ် စက်ရုံ ၃ ရုံ ပိတ်လိုက်သောကြောင့် လုပ်သား ၃၀၀၀ နီးပါး အလုပ် လက်မဲ့ ဖြစ်သွားသည်။
ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံ ၃ရုံမှာ ဒီဇင်ဘာလ ပထမပတ်နှင့် တတိယပတ်အတွင်း ရုတ်တရက်ပိတ် လိုက် ခြင်းကြောင့် လုပ်သား ၃၀၀၀ နီးပါး အလုပ်လက်မဲ့ ဖြစ်သွားသည်ဟု ပုသိမ်စက်မှုဇုန် ကြီးကြပ်မှုကော်မတီရုံး တာဝန်ရှိသူများက ပြောပြသည်။
တရုတ်နိုင်ငံသားများ လာရောက် ဖွင့်လှစ်ထားသော ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက် ကင်မလင်းကျွန်း စက်မှုဇုန် က Haubo Times၊ He Shan နှင့် Noth Shore အထည်ချုပ် စက်ရုံတို့ကို အလုပ်သမားများအား နစ်နာကြေးများ ထုတ်ပေးကာ ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။
စက်ရုံလုပ်သမား တစ်ဦးက “၃လစာ လုပ်ခလစာကို နစ်နာကြေး ထုတ်ပေးပြီး အလုပ် ပိတ်လိုက်တာပါ။ ဒါပေ မယ့် အချိန်ပိုကြေးနဲ့ အလုပ်သမား ဝန်ကြီးဌာနက ပေးရမယ့် လူမှုလုံရေး ထောက်ပံ့ကြေးတွေ မရခဲ့ဘူး” ဟု ပြောသည်။
၃ လစာ လုပ်ခလစာ နစ်နာကြေးရကြသည်ဟု ဆိုသော်လည်း အခြားအလုပ်အကိုင် အသစ်ရရှိရေး မလွယ်ကူ သောကြောင့် ရေရှည်အတွက် စားဝတ်နေရေး အခက်အခဲများ တွေ့ကြုံနေရသည်ဟု အလုပ်လက်မဲ့ ဖြစ်သွား သော လုပ်သားအများစုက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ပြည်ပမှ အထည်အော်ဒါ နှင့် ကုန် ကြမ်း မရတော့ခြင်း လျှပ်စစ်မီး ပုံမှန်မရခြင်း၊ စက်ရုံအျား မီးစက်ဖြင့် လည်ပတ်ရန်အတွက် စက်သုံးဆီ အလုံ အလောက် မရရှိခြင်း၊ စစ်ကောင်စီက အခွန်တိုးမြှင့်လိုက်သည့်အပြင် ဒေသဖွံ့ဖြိုးရေး ရံပုံငွေအကြောင်းပြကာ ငွေကြေး မကြာခဏ ထည့်ဝင်ခိုင်းခြင်းတို့ကြောင့် အထည်ချုပ်စက်ရုံများ ပိတ်သိမ်းကြရခြင်း ဖြစ်သည်ဟုလည်း လုပ်သားအများစုက ပြောသည်။
ပုသိမ်စက်မှုဇုန် ကြီးကြပ်မှု ကော်မတီဝင် တစ်ဦးက ”စက်ရုံတွေက ဆက်ရပ်တည်ဖို့ အခက်အခဲတွေ အရမ်းများ လာတော့ ရှေ့ဆက် ပိတ်ရတော့မယ့် အခြေအနေရှိနေတယ်။ အဓိက လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ် နဲ့ အထည် အော်ဒါ၊ ကုန်ကြမ်းမရတော့ ဆက်လုပ်ဖို့မလွယ်ဘူး။ Hakers၊ Dong Long နဲ့ Myanmar Knitting စက်ရုံ တို့ဆို အထည်လက်ကျန်ရှိနေသေးလို့ လည်ပတ်နေတာ။ သူတို့လည်း သိပ်မကြာဘူး ပိတ်ရမှာပဲ” ဟု ပြော သည်။
ဧရာဝတီတိုင်းအတွင်း ပုသိမ်မြို့ရှိ စက်မှုဇုန် ၂ခု အပြင် ဟင်္သာတ၊ မြောင်းမြ၊ မအူပင် စက်မှုဇုန်တို့၏ အဓိက လိုအပ်ချက် ဖြစ်သော လျှပ်စစ်စွမ်းအားအတွက် NLD အစိုးရခေတ်က ဖေါ်ဆောင်ခဲ့သည့် မဂ္ဂဝပ် ၁၃၀၀ ထုတ် လုပ်နိုင်မည့် ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေမှ မီးလင်းချိုင် စီမံကိန်းကို စစ်ကောင်စီက ဆက်လက် လုပ်ဆောင်နိုင်ခြင်း မရှိဟု စက်မှုဇုန်လုပ်ငန်းရှင် အသိုင်းအဝိုင်းက ထောက်ပြ ဝေဖန်ထားကြသည်။
ဧရာဝတီတိုင်းထဲရှိ ခရိုင်မြို့ကြီးများ၌ စက်မှုဇုန်နှင့် အသေးစား စက်မှုလက်မှုလုပ်ငန်း အများအပြားရှိနေပြီး ပုသိမ်တမြို့တည်းက ကင်မလင်းကျွန်း စက်မှုဇုန်နှင့် ပုသိမ်ဆိပ်ကမ်း စက်မှုမြို့တော် စက်မှုဇုန် ၂ ခုမှာ ပုသိမ်၊ သာပေါင်း၊ ကန်ကြီးထောင်၊ ငပုတောမြို့နယ်များထဲက စက်မှုဇုန်လုပ်သား အယောက် ၂၅,၀၀၀ ကျော် ရှိနေသည်ဟု အလုပ်သမားရေးရာ ဦးစီးဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။