ရွှေမုဋောစေတီ ဂေါပကက တိုက်ခန်းများနှင့် ဆိုင်ခန်းများအား ကြေးဖြတ်ကာ အလှူခံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ရွှေမုဋော စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့က စေတီ၏ သာသနာမြေပေါ်တွင် ငှားရမ်းဆောက်လုပ် နေထိုင်ကြသည့် တိုက်ခန်းများနှင့် ဆိုင်ခန်းများကို သတ်မှတ်ကြေး ဖြတ်ကာ အကြပ်ကိုင် ခြိမ်းခြောက် အလှူခံနေသည်ဟု ပိုင်ရှင်အချို့က ပြောသည်။

အဆိုပါ စေတီတော်ကြီးကို ရွှေပြားသင်္ကန်း ကပ်လှူမည်ဟုဆိုကာ လူနေ တိုက်ခန်းနှင့် ဆိုင်ခန်းပိုင်ရှင်များထံက ဆိုင်ခန်း၊ တိုက်ခန်း အရွယ်အစား‌အပေါ် အခြေခံပြီး သတ်မှတ်ကြေးဖြတ်ကာ အကြပ်ကိုင် အလှူခံနေတာခြင်း ဖြစ်သည်။

တိုက်ခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးက “အလှူခံတာက အေးဓါးပြ တိုက်တာကျနေတာပဲ။ ကျမတို့က မြေငှားခ လစဉ်ပုံမှန် ပေးထားတယ်။ တိုက်ခန်း ဆိုင်ခန်းတွေက ကာလပေါက်ဈေးတွေနဲ့ စပေါ်ပြောက် အပြတ်ဝယ်ထား တာပါ။ အခုက သူတို့ သတ်မှတ်ကြေး အတိုင်း မပေးရင် ဆိုင်ခန်းနဲ့ တိုက်ခန်းတွေကို သိမ်းမယ်ဆိုပြီး ခြိမ်း ခြောက်တယ်” ဟု ပြောသည်။

ရွှေမုဋော စေတီတော်၏ ဂေါပကအဖွဲ့ဝင် စစ်ကောင်စီ သတင်းပေး ဒလန် ဟု နာမည်ကြီးနေ‌သော ဦးမင်း‌ဇော် သိန်း (ခေါ် ) ချက်ကြီးက ဦးဆောင်ပြောဆိုပြီး ယခုကဲ့သို့ ခြိမ်းခြောက်အကြပ်ကိုင် အလှူခံနေခြင်း ဖြစ်သည် ဟု တိုင်ခန်းပိုင်ရှင်အချို့က ထပ်မံဖြည့် စွက် ပြောဆိုသည်။

ရွှေမုဋော စေတီတော်မြတ်ကြီး၏ သာသနာမြေကို ငှားရမ်းကာ ဆောက်လုပ်ထားသော တိုက်ခန်းနှင့် ဆိုင်ခန်း စုစုပေါင်း ၃၅၅ ခန်း ရှိသည့် အနက် ၂ ထပ်တိုက်ခန်းများကို ကျပ် ၁၀ သိန်း၊ တစ်ထပ် တိုက်ခန်းများကို ကျပ် ၅ သိန်း နှင့် ၅ပေ အကျယ် အခန်းကျဉ်း ဆိုင်ခန်းငယ် ၄ ခန်းကို ကျပ် ၂သိန်းခွဲ သတ်မှတ်ပြီး တောင်းနေခြင်းဖြစ်ဟု တိုက်ခန်းပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် ပုသိမ်မြို့ခံ စီးပွားရေး လုပ်ငန်းရှင်ကြီးများထံကလည်း တစ်ဦးကို ကျပ်သိန်း ၂၀ ထက် မနည်း သတ် မှတ်ပြီး အလှူခံနေသည်ဟု စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်ထံမှ သိရသည်။

မြို့ခံစီးပွားရေး လုပ်ငန်းရှင်တစ်ဦး က “အခုက လုပ်ငန်းတွေက မကောင်းဘူးလေ။ ဘာမှ လုပ်လို့ကိုင်လို့ အဆင် မပြေဘူး။ ဒီနေ့ ရောင်းလို့ရတဲ့ အရင်းနဲ့ အမြတ်ငွေက နောက်ပြန်ရင်းဖို့ ငွေကို မမှီဘူး။ အဲတော့ လှူဖို့တန်းဖို့ဆို နည်းနည်းနဲ့ ကျဲကျဲဝိုင်းနေရတယ်။ အခုလို မဖြစ်မနေ ပေးရမယ်ဆိုတော့ မပေးပြန်လည်း မိသားစုတွေကို သူ တို့ (စစ်ကောင်စီရဲ့ ဂေါပကအဖွဲ့) က အနှောက် အယှက်ပေးမှာ” ဟု ပြောသည်။

ပုသိမ်ရွှေမုဋော စေတီတော်မြတ် ရွှေသင်္ကန်းကို သဘာဝဘေးခံနိုင်ရန်နှင့် ပိုမို ကြည်ညိုဖွယ်ဖြစ်ရန် စီစဉ်ခြင်း ဖြစ်ပြီး ၎င်းတို့၏ သတ်မှတ် အလှူခံငွေကို စေတီ၏ သာသနာမြေပေါ်တွင် ငှားရမ်းနေထိုင်သူများ အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း အပြီးအပြတ် ပေးသွင်းရမည်ဟု ဂေါပကအဖွဲ့က ပြောဆိုထားကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့က ပြောသည်။

ယခင်ကလည်း အဆိုပါစေတီတော်ကြီးကို နှစ်စဉ် ပွင့်လင်းရာသီ၌ ရွှေဆိုင်းသင်္ကန်းများ ကပ်လှူပူဇော်လေ့ရှိ သော်လည်း ယခုနှစ်တွင် ကုန်ကျစရိတ် ပိုမိုများပြားသော ရွှေပြားသင်္ကန်းများကို ပြောင်းလဲကပ်လှူရန် စစ်ကောင်စီ၏ ဂေါပကအဖွဲ့က လုပ်ဆောင်လာခြင်း ဖြစ်သည်။

ထိုစေတီတော်မြတ်ကြီး၏ ဂေါပက အဖွဲ့ဝင်ဟောင်း အချို့က ယခု လုပ်ဆောင်ချက်မှာ သင့်တင့်သော လုပ် ဆောင်ချက် မဟုတ်ဘဲ ‘သူကြီးဘုရား ရွာသားကောင်းမှုပါ’ ဟု ဝေဖန်‌ ထောက်ပြကြသည်။

ဧရာဝတီတိုင်း၏ ကျက်သရေဆောင် ရွှေမုဋော စေတီတော်မြတ်ကြီးကို ပုသိမ်မြို့၏ ဗဟိုချက် အမှတ် ၄ ရပ် ကွက်က မြေနေရာ၌ တည်ထားခြင်းဖြစ်ပြီး စေတီ၏ ပတ်ပတ်လည်နှင့် စေတီ၏ အရှေ့ဖက်ရှိ သီရိမင်္ဂလာ ကွင်း ပတ်လည်က ဆိုင်ခန်းနှင့် တိုက်ခန်းပေါင်း ၃၅၅ ခန်းရှိသည်။

အဆိုပါ ဆိုင်ခန်းများနှင့် တိုက်ခန်းများက စေတီ၏မြေကို လစဉ် ငှားရမ်းခပေးကာ၊ ရရှိလာသည့် ငှားရမ်းခများ အား စေတီအား ပြုပြင်မွမ်းမံခြင်း၊ ထိန်းသိမ်းခြင်း၊ ရွှေဆိုင်းသင်္ကန်းများ ကပ်လှူခြင်းတို့ကို လုပ်ဆောင်ကြသည်။