ပဲခူးတိုင်းအတွင်း တိုက်ပွဲတွင် မြိတ်နည်းပညာ တက္ကသိုလ်ကျောင်းသားတစ်ဦး ကျဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။
နတ်သံကွင်းတိုက်ပွဲတွင် မြိတ်နည်းပညာ တက္ကသိုလ် ကျောင်းသားတစ်ဦး ကျဆုံးသွားသည်ဟု ကျောင်းသား သမဂ္ဂမှ တာဝန်ရှိသူက ပြောသည်။
ပဲခူးတိုင်း နတ်သံကွင်းမြို့က စစ်ကောင်စီတပ် ဂိတ်စခန်းသိမ်းတိုက်ပွဲတွင် မြိတ် နည်းပညာတက္ကသိုလ်မှ ကျောင်း
သားတစ်ဦး ကျဆုံးခဲ့သည်ဟု နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
မြိတ်နည်းပညာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ တော်လှန်ရေးဦးဆောင် ကော်မတီ၏ ပြောရေးဆိုခွင့် ရှိသူ က “လက်ရှိမှာ မိသားစုနဲ့ အဆက်အသွယ် ရထားပြီးပါပြီ၊ ပြန်လည် ကုစားရေးနဲ့ အသိအမှတ်ပြု မှတ်တမ်း တင်တဲ့ လုပ်ငန်းစဉ်တွေ ဆက်ပြီး လုပ်ဆောင်သွားဖို့ရှိပါသေးတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ် နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက် ၅ နာရီခွဲ အချိန်ခန့်က ထိတွေ့တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်း ဖြစ်သည်။
ကျဆုံးသွားသည့် ကျောင်းသားမှာ ကေအဲန်ယူ တပ်မဟာ ၃၊ တပ်ရင်း ၉ တွင် တာဝန်ထမ်းဆောင်နေသူ ကိုကောင်းထက်စံ ဆိုသူ ဖြစ်သည်။
စစ်တပ် အာဏာမသိမ်းခင်က တတိယနှစ် စက်မှုအင်ဂျင်နီယာ ကျောင်းသားဖြစ်ပြီး မြိတ်နည်းပညာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အမှုဆောင်တစ်ဦးလည်း ဖြစ်သည်။
ကိုကောင်းထက်စံသည် အာဏာရှင်တော်လှန်ရေးတွင် မြိတ်နည်းပညာတက္ကသိုလ်က ပထမဆုံး ကျဆုံးခဲ့ရသည့် ကျောင်းသားတစ်ဦးဖြစ်ကြောင်း မြိတ်နည်းပညာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ တာဝန်ရှိသူက ပြောသည်။
နတ်သံကွင်းမြို့ တိုက်ပွဲတွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန် ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၈ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါတိုက်ပွဲပြီးနောက် နတ်သံကွင်းမြို့၏ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားနိုင်ကြောင်းကို တောင်ပိုင်းတိုင်း၊ အထူးကွန်မန်ဒို တပ်ရင်းက ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ရန်ကုန်နှင့် ပဲခူးတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၅ဖွဲ့ စုစည်းထားသည့် ဒေါင်းမင်းစစ်ကြောင်းမှ အသက် ၁၈ နှစ်အရွယ်၊ ရဲဘော်သတ္တိ ဆိုသူမှာလည်း နတ်သံကွင်းတိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက် ထဲတွင် ဖေါ်ပြထားသည်။