တောင်ကြီး စစ်ကြောရေးတွင် ညောင်ရွှေမှ လူငယ်တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။

ညောင်ရွှေမြို့မှ ဖမ်းဆီးခံလိုက်ရသည့် လူငယ်တစ်ဦး တောင်ကြီးမြို့ရှိ စရဖ စစ်ကြောရေးတွင် သေဆုံးသွားသည်ဟု နီးစပ်သူများက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)၏ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သည့် လူငယ်တစ်ဦး၏ ဈာပနအား ကျန်ရစ်သူ မိသားစုများက ကျင်းပပြုလုပ်ပေးခဲ့သည်ဟု ရပ်ကွက် နေ ပြည်သူများက ပြောသည်။

ညောင်ရွှေမြို့၊ မိုင်းလီရပ်ကွက် ၁ တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် ကိုရဲဇော်ဟိန်း၏ ဈာပန ရက်လည် အခန်းအနားအား ဒီဇင်ဘာလ ၂၂ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်၌ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

နီးစပ်သူ တစ်ဦးက “ရဲတွေက သေနတ်ကိုင်ထားတဲ့ ဓါတ်ပုံပြပြီး သူလားလို့ မေးတာ။ သူကလည်း သူမဟုတ်လို့ မဟုတ်ဘူး ပြောတာ။ တကယ်လည်း ပုံက မတူပါဘူး။ ဓါတ်ပုံမှာက ရင်ဘတ်မှာ တက်တူး ပါတယ်။ သူက မပါ ဘူး။ ဝန်မခံလို့ ဝိုင်းနှိပ်စက်ကြရင်း သေတာ” ဟု ပြောသည်။

ကိုရဲဇော်ဟိန်း အား ညောင်ရွှေမြို့နယ်၊ စိုက်ပျိုးကျေးရွာရှိ ဦးလေးဖြစ်သူ၏ လောင်းကစားဝိုင်းတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့၌ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားများက လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့နောက် တစ်ပတ်ကျော် ကြာသည်အထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

“သူတို့ နှိပ်စက်ပြီးတော့ ညောင်ရွှေ ခိုင်မေတ္တာ ဆေးရုံကို ပို့လိုက်တာ။ ခိုင်မေတ္တာမှာ သေလုမျောပါးပဲ။ အောက် ဆီဂျင် ၂၀ အထိကျပြီး ဆုံးတာ။ သွားတွေဆို တစ်ချောင်းမှ မကျန်တော့ဘူး။ နံရိုးတွေ ကျိုးသွားတယ်။ ခေါင်း တစ်ခြမ်းဆို အရိုး အက်သွားတယ်။ တစ်ကိုယ်လုံး မီးနဲ့ တို့ထားတဲ့ ဒဏ်ရာတွေ။ ကျောဘက်မှာလည်း ရိုက်ထား တာ မနည်းမနော။ အလောင်းက ရုပ်ပျက် ဆင်းပျက်ပဲ” ဟု နီးစပ်သူ တစ်ဦးက ဆက်ပြောသည်။

၎င်းအား ညဉ်းပန်း နှိပ်စက်သူများမှာ စရဖ ရုံးရှိ တပ်ကြပ်ကြီး သိန်းဇော်၊ တပ်သား နိုင်လင်းနှင့် ကိုဖြိုးတို့ ဖြစ်ပြီး ရဲအရာရှိများကလည်း ကြုံသလို ဝင်ရိုက်ခဲ့ကြသည်ဟု အဆိုပါ ရုံးတွင်းရှိ သတင်းအရင်းအမြစ်တစ်ဦးက ပြော သည်။

ညောင်ရွှေမြို့နယ်တွင် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အမှုဆင် ဖမ်းဆီးခံရသည့် လူငယ်ပေါင်း အယောက် ၅၀ ထက် မနည်းရှိပြီး ၁၀ ဦးကျော်က စစ်ကြောရေးတွင် သေဆုံးခဲ့သည်ဟု အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်)နှင့် နီးစပ်သူများက ပြောသည်။