နမ္မတူနှင့် သီပေါကြား တံတားတစ်ခုကို စစ်ကောင်စီ ဖျက်ဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။
ရှမ်းမြောက်၊ နမ္မတူမြို့နှင့် သီပေါမြို့ကို အဓိက ဆက်သွယ်ထားသော မိုးတေတံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရ သောကြောင့် ယာဉ်ကြီးများ သွားလာ၍ မရတော့ဘူးဟု ဒေသခံများက ပြောသည်။
အဆိုပါ တံတားမှာ ဒေသခံများ အဓိကအားထားသွားလာရသည့် တံတားတစ်စင်းဖြစ်ပြီး ထိုတံတားကို စစ်ကောင်စီ တပ်ဘက်က ဒီဇင်ဘာလ ၂၈ ရက်နေ့၊ ညပိုင်းက မိုင်းခွဲဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ဒေသခံတစ်ဦးက “ည ၇ နာရီလောက်က ဖြစ်တာလိုကြားတယ်။ ခုတော့ အဲ့တံတားပေါ်မှာ ပျဉ်ပြားတွေနဲ့ အပေါ် ကထပ်ပြီး အသုံးပြုနေတာ။ လက်ရှိတံတားပေါ်မှာတော့ ကားသေးနဲ့ ဆိုင်ကယ်တွေဆိုရင် သွားသွား လာ လာ ရသေးတယ်။ ဝိတ်များရင်နည်းနည်းတော့ အန္တရာယ်များတယ် သွားလိုတော့ ရသေးတယ်” ဟု ပြောသည်။
အဆိုပါ ပျက်စီးသွားသည့် မိုးတေတံတားအား လက်ရှိတွင် ပျဉ်ပြားများဖြင့် ယာယီပြုပြင်ထားပြီး ဆိုင်ကယ်များ ဖြတ်သန်းသွားလာနေသည်ဟု ဆိုသည်။
စစ်တပ်က သီပေါမြို့ အဝင်အထွက်ကို ပိတ်ထားပြီး အစစ်အဆေး တင်းကြပ်ထားခြင်းတို့ကြောင့် ကားနှင့် ဆိုင် ကယ်များလည်း ပိတ်မိနေသည်။
ထို့အပြင် အဆိုပါ စစ်ဆေးရေးဂိတွင် ယခင်ကထက် စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားပြီး မှတ်ပုံတင် စစ်ဆေး ခြင်း၊ ဖုန်းနှင့် ပါလာသည့် အထုပ်များအား အသေးစိတ်စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။
နမ္မတူနှင့် သီပေါမြို့ကို ဆက်သွယ်ထားသည့် မိုးတေတံတားကို စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့များ ဝင် လာမည်ကို စိုးရိမ်နေသောကြောင့် ယခုကဲ့သို့ မိုင်းခွဲ ဖျက်ဆီးလိုက်ခြင်း ဖြစ်နိုင်သည်ဟု တံတားအနီးဝန်းကျင် တွင် နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကျနော်အထင် ပြောရရင် စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်တာ ဖြစ်နိုင်တယ်။ ဘာလို့ဆို အဲ့တံတား အောက်မှာ စစ်ကောင်စီတပ်သားတွေ ၇ ယောက်လောက် သွားနေတာ တွေ့လိုက်တယ်။ သူတို့တွေပဲ ဖျက်ဆီး လိုက်တာ ဖြစ်နိုင်တယ်။”
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကလည်း စစ်ကောင်စီ လက်အောက်ခံ သီပေါက တပ်ရင်းများဖြစ်ကြသည့် အမှတ် – ၅၀၁၊ ၅၀၂ တပ်က ၎င်းတံတားကို လာရောက်ဖျက်ဆီးသွားခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ မိုးတေတံတားကို မန်တုံ – နမ္မတူ – သီပေါမြို့တို့က ဒေသခံများ အဓိကအသုံးပြုနေကြခြင်း ဖြစ်သည်။
အလားတူ လားရှိုး – မန္တလေး လမ်းမကြီးပေါ်ရှိ တံတားများ ဖျက်ဆီးခံရပြီးနောက်ပိုင်း လားရှိုးမြို့ အပါအဝင် အခြားမြို့များမှ မန္တလေးသို့ သွားလာရာတွင်လည်း အဓိကထား အသုံးပြုနေရသည့် တံတားတစ်စင်းဖြစ်သည်။