လေကြောင်းမှ ဗုံးကြဲမှုကြောင့် ဆရာမ တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်း ဗုံးကြဲခဲ့သောကြောင့် တအာင်းအမျိုးသား ပညာရေး ကော်မတီ TNEC က ကျောင်းဆရာမ ၁ ဦး သေဆုံးသွားသည်။

လေကြောင်းတိုက်ခိုက်မှုထဲ TNEC မှ အသက် ၂၀ နှစ်အရွယ်၊ ကျောင်းဆရာမ လွေးမေဖြိုးအိ ဗုံးထိမှန်ကာ မန်စံ တိုက်နယ်ဆေးရုံသို့ ပို့နေချိန် လမ်းတစ်ဝက်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင် အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေကြောင်း တိုက်ခိုက်မှုထဲ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့လည်း ထိမှန်ပျက်စီးခဲ့သည့်အပြင် နေအိမ်အချို့လည်း ထိမှန်ပျက်စီးသွားခဲ့သည်။

ဒေသခံ အမျိုးသားတစ်ဦးက “လေယာဥ်နဲ့ လာကြဲတာ ဟုတ်တယ်။ TNEC ဆရာမနဲ့ နောက်ထပ် ရွာသားတစ် ယောက် ထိတယ်လို့ ကြားတယ်။ ကျနော်တို့လည်း ပြေးနေတော့ သေချာမသိသေးဘူး။ ဘာတိုက်ပွဲမှ မဖြစ် ဘူး။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း ပျက်စီးပြီ။ နေအိမ်တော့ အိမ်ခေါင်မိုး လှန်တာတော့ ရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်က မန်လီကျေးရွာထဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်း အချိန်ကတည်းက လေကြောင်း အပြင် မြေပြင်ကနေလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သီပေါမြို့ရှိ စစ်ကောင်စီတပ်ကနေလည်း မိုးတေနှင့် မန်လီစသည့် ကျေးရွာများဘက်တွေကို လက်နက်ကြီး များ ဖြင့် လှမ်းပစ်နေသည်ဟု သီပေါဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က မန်လီကျေးရွာအား ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့ပြီးနောက် ရွာခံများအားလုံးမှာ နီးစပ်ရာ အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုကြ သည်။

အလားတူ တအာင်းတပ် (PSLF/TNLA) သိမ်းပိုက်ထားသည့် နမ္မတူမြို့ထဲကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၉ ရက်န့၊ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်တွင် လေကြောင်းသုံး ဗုံးကြဲခဲ့ရာ ကားသမား ၂ ဦးထိမှန် ဒဏ်ရာ ရရှိခဲ့သည်။

နမ္မတူမြို့အဝင် တံတားအနီးတွင် ဂျက်လေယာဥ်နှင့် ဗုံးကြဲခဲ့ခြင်းကြောင့် တံတားပေါ်တွင် ဖြတ်သန်းသွားနေသော ကားသမား အမျိုးသား ၂ ဦး ထိမှန်ခဲ့ရာ အသက်အန္တရာယ်လည်း စိုးရိမ်ရသည်ဟု ဒေသခံများက ဆိုကြသည်။