ဖမ်းဆီးခံ သတင်းသမားများ ပြန်လွှတ်ရန် IPMC တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။
စစ်အာဏာသိမ်းပြီးနောက် ဆက်လက်ဖမ်းဆီးခံထားရသော သတင်းသမားများအား ချွင်းချက်မရှိ ပြန်လွှတ် ပေးရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPMC က တောင်းဆိုလိုက်သည်။
စစ်အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်း ဖမ်းဆီးထိန်းသိမ်း ထောင်ချခံခဲ့ရသော သတင်းသမား စုစု ပေါင်း အယောက် ၁၇၀ ဦးရှိခဲ့ရာမှာ ၁၁၈ ဦးမှာ ပြန်လည်လွတ်မြောက်လာပြီးဖြစ်ပြီး ၅၂ ဦး ဆက်လက် ဖမ်း ဆီး ထိန်းသိမ်းခံထားရသည်။
ထိုသို့ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းသမားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် IPCM က ဇန္နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန် တောင်းဆိုလိုက်သည်။
IPCM ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်က “အထူးသဖြင့်တော့ သတင်းမီဒီယာ လုပ်ငန်းတွေကို ရည်ရွယ် ချက်ရှိရှိ ခြိမ်းခြောက်တာပေါ့ဗျာ။ စစ်တပ်က သူတို့ အကျွမ်းကျင်ဆုံးအလုပ်က လူတွေကို တစ်ချိန်လုံး ကြောက်အောင်လုပ်တဲ့ အလုပ်ပဲ သတင်းထောက်တွေကိုလည်း ကြောက်အောင်ခြိမ်းခြောက်တာပေါ့” ဟု ပြောသည်။
စစ်ကောင်စီသည် သတင်းမီဒီယာလုပ်ငန်းအပေါ် ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်နေခြင်း ဖြစ်ပြီး သတင်း သမားများအပေါ် ဆက်လက် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ် က ပြော သည်။
လက်ရှိတွင် မြန်မာ့သတင်းသမားများ ဖမ်းဆီးခံရမှုမှာ ကမ္ဘာတွင် ဒုတိယ ဖမ်းဆီးမှု အများဆုံး နိုင်ငံဖြစ်သည် ဟု နယ်စည်းမခြား သတင်းထောက်များ RSF မှ ထုတ်ပြန်ပြောဆိုထားသည်။
မြန်မာ့သတင်းသမားများ ဖမ်းဆီးခံရမှုသည် တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံး ဖမ်းဆီးခံရသော နိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် နိုင်ငံပေါင်း ၁၈၀ အနက် ၁၇၃ တွင် ရှိနေသည်ဟု နယ်စည်း မခြား သတင်းထောက်များအဖွဲ့ RSF က ပြောဆိုထားသည်။
စစ်အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေမှာ ပိုမိုဆိုးရွားသွားသည် ဟု ဦးတိုးဇော်လတ်က ဆက်ပြောသည်။
“၂၀၂၀ အာဏာမသိမ်းခင်က မြန်မာကအဆင့် ၁၃၉ ဗျ။ အဲဒီတုန်းက ထိုင်းက ၁၄၀ ထိုင်းထက် မြန်မာက ပို ပြီးတော့ သတင်းမီဒီယာ freedom index မြင့်တယ်။ ပိုလွတ်လပ်တယ်ပေါ့။ ထိုင်းမှာလည်း အာဏာထိန်း ထားတယ်ပေါ့နော်။ အဲ့ဒီ နှစ်ခုယှဥ်ကြည့်ပေါ့ဗျာ။ သိပ်မကြာဘူး သုံးနှစ်အတွင်းမှာ ဘယ်လောက်တောင်မှ စုတ်ပြတ်သတ် သွားလဲဆိုတာ။”
စစ်အာဏာသိမ်းပြီးနောက် ဆိုးရွာသည့် အချက်များထဲမှ အခြားတစ်ချက်မှာ စစ်တပ်က သတင်းမီဒီယာအား လွဲမှားစွာ အသုံးပြုနေပြီး စိတ်ဓါတ်စစ်ဆင်ရေး၊ လော်ဘီ အတွက်သာ အဓိကအသုံးပြုနေသည်ဟု IPCM တာဝန်ရှိသူက ဆက်ပြောသည်။
ဦးတိုးဇော်လတ်က “စစ်ကောင်စီရဲ့ မီဒီယာပေါ် သဘောထားကတော့ မီဒီယာကို စိတ်ဓာတ်စစ်ဆင်ရေးလို သုံးတာ။ စစ်ကောင်စီက မီဒီယာကို မီဒီယာလို့ သုံးတာမဟုတ်ဘူး။ Psychological warfare လို သုံးတာ။ အရင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပေးတဲ့ လိပ်စာကဒ်က ဘာရေးထားလဲဆိုတော့ ပြည်သူ့ ဆက်ဆံရေးနဲ့ စိတ် ဓာတ်စစ်ဆင်ရေးဌာန ဆိုပြီး ရေးထားတယ်ဗျ။ သူတို့တွေက အဲ့ကလာတာ။ အဲတော့ စစ်ကောင်စီရဲ့ မီဒီယာ အပေါ်သဘောထားတော့ မီဒီယာကို စိတ်ဓါတ်စစ်ဆင်ရေး အတွက် သုံးတာပေါ့။ Psychological warfare အတွက် သုံးတာပါ” ဟု ဆက်ပြောသည်။
သတင်းသမားများအနေဖြင့် သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ သတင်းရယူ တင်ဆက်ခြင်းသည် တည်ဆဲ ဥပဒေ/ နိုင်ငံတကာ ဥပဒေများနှင့်အညီ ပြည်သူတို့ သတင်းရယူသိရှိပိုင်ခွင့် (Right to information) ကို တရားဝင်လုပ်ဆောင်ပေးခြင်းသာဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်စွာ သတင်းရယူ တင်ဆက်ခြင်းကို ဟန့် တားမှု ဖြစ်စေသည့် မည်သည့် တားဆီး နှောက်ယှက်မှု/ဖမ်းဆီးထောင်ချမှုများကိုမဆို ပြင်းထန်စွာ ရှုံ့ချ ကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ထုတ်ပြန်ပြောဆိုထးသည်။
“Journalism is not a Crime.” သတင်းသမားများ သတင်းရေးသားဖော်ပြခြင်းသည် ပြစ်မှုကျူးလွန်ခြင်း မဟုတ်ကြောင်း၊ မတရားဖမ်းဆီးခံထားနေရဆဲဖြစ်သော သတင်း သမားများအားလုံးကို ခြွင်းချက်မရှိ အမြန် ဆုံးပြန်လွှတ်ပေးရန်၊ IPCM အနေဖြင့်လည်း ဖမ်းဆီးခံသတင်းသမားများ အမြန်ဆုံးလွတ်မြောက်ရေး နှင့် တရားဝင် မီဒီယာလုပ်ငန်းများ ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ရေးတို့ကို အဓိက ဦးစားပေးလုပ်ငန်းစဉ် အဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။