စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ PNO တို့ ဦးဆောင်၍ ညီနောင် မဟာမိတ် သုံးဖွဲ့အား ဆန္ဒပြပွဲ လုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။
စစ်ကောင်စီတပ်နှင့် PNO တို့၏ ဦးဆောင်မှုဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့အား အလိုမရှိကြောင်း တောင်ကြီးမြို့ တွင် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသည်။
ရှမ်းပြည်နယ်၏မြို့တော်၊ တောင်ကြီးမြို့တွင် စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO)တို့မှ ဦး ဆောင်ပြီး ဇန္နဝါရီလ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်၌ ဆန္ဒပြပွဲ ပြုလုပ်ကျင်းပခဲ့သည်ဟု မြို့နေ ပြည်သူ များက ပြောသည်။
မြို့ခံတစ်ဦးက “ဗီနိုင်းချိတ်ပြီး တစ်မြို့လုံး ပတ်နေတယ်။ နိုင်ငံတစ်ဝှမ်း ဘုရားစေတီ ဖျက်ဆီးသူများ အလိုမရှိ လို့ ရေးထားတယ်။ သူတို့ အဘတွေ(စစ်ကောင်စီတပ်) ဖျက်ဆီးတာကျတော့ မမြင်ဘူး” ဟု ပြောသည်။
လက်ရှိ ရှမ်းမြောက်ဒေသတွင် ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်နေသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အား ဆန့်ကျင်သည့် အနေဖြင့် ဆန္ဒပြခြင်း ဖြစ်သည်။
အဆိုပါ ဆန္ဒပြပွဲအား ဖြစ်မြောက်ရန်အတွက် PNO လူကြီးပိုင်းများမှ တောင်ကြီးမြို့နယ်အတွင်း ကျေးရွာများ တွင် တစ်အိမ်လျှင် လူတစ်ဦးနှုန်း ဖိအားပေး ခေါ်ယူခဲ့ပြီး လိုက်ပါသူ မရှိသည့် အိမ်က ငွေကျပ် ၁၀,၀၀၀ နှုန်း ထည့်ဝင်ရသည်ဟု မြို့ခံအချို့က ဆိုသည်။
သို့သော် ပါဝင်သူများကိုမူ လမ်းစရိတ်အဖြစ် တစ်ဦးလျှင် ငွေကျပ် ၁၀,၀၀၀ နှုန်း ပြန်လည် ပေးအပ်ခဲ့ပြီး လူစု ပေးသည့် ခေါင်းဆောင်များက ငွေကျပ် ၃၀,၀၀၀ အထိ ရရှိသည်ဟု ဆိုသည်။
မျက်မြင်တွေ့ရှိသူ နောက်တစ်ဦးက “ပအိုဝ်းတွေ အများဆုံး ပါကြတယ်။ ရွာက ပအိုဝ်းတွေလေ။ ညဈေးတန်း က သူတောင်းစားတွေလည်း ပါတယ်။ ခေါင်းဆောင်တွေက ပိုက်ဆံဝေပေးနေတာလည်း တွေ့တယ်” ဟု ပြော သည်။
သပိတ်စစ်ကြောင်းမှာ ရတနာသီရိ ရပ်ကွက်၊ အနောက်မြို့ပတ်လမ်းမှ ချီတက်လာ၍ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ရဲနှင့် စစ်ကောင်စီ တပ်သားများက လုံခြုံရေး ယူပေးထား သည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။
ထိုဆန္ဒပြပွဲတွင် စစ်ကောင်စီတပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ထောက်ခံသူများ၊ ပျူစောထီးများ၊ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များ၊ သူတောင်းစားများ၊ ကျေးရွာများမှ ပအိုဝ်းတိုင်းရင်းသားများ ပါဝင် ခဲ့ကြပြီး ညနေ ၃ နာရီခန့်တွင် ပြီးဆုံးခဲ့သည်ဟု သိရသည်။