ဇနီးမောင်နှံအား ဖမ်းဆီးထားပြီး ငွေ သိန်း ၂၀၀ ကျော်တောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီက ဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးရန်အတွက် သိန်းပေါင်း ၂၃၀ အထိ ငွေတောင်းခံခဲ့သည်ဟု နီးစပ်သူများက ပြောသည်။
ရွာငံမြို့နယ်၊ ရှမ်းရွာရှိ သစ်ကွင်းတွင် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ်ခန့်ရှိသူ သစ်လုပ်ငန်းလုပ်ကိုင်သူ ဇနီးမောင်နှံ နှစ်ဦးအား ဖမ်း ဆီးသွားပြီးနောက် ငွေတောင်းခံခဲ့ရာ မပေးနိုင်သောကြောင့် မိန်းမဖြစ်သူ သေဆုံးသွားပြီး ယောက်ျား ဖြစ်သူမှာ ယနေ့အချိန်ထိ ဆက်လက်ဖမ်းဆီးခံနေရဆဲ ဖြစ် သည်ဟု နီးစပ်သူများက ပြောသည်။
မိသားစုဝင်နှင့် နီးစပ်သူ “ငွေညှစ်တာတော့ ဖမ်းပြီးကတည်းကပါ။ သူ့အမျိုးသားကလည်း ငွေမပေးနိုင်လို့ မလွတ်သေးတာပါ။ ပေးနိုင်မယ်လို့လည်း မထင်ပါဘူး။ ဒီတိုင်းဆက်သွားရင် အသက်အန္တရာယ် စိုးရိမ်ရပါ တယ်။ သူ့အမျိုးသားက ခြေထောက်မကောင်းပါဘူး။ ခါးရိုး ၂ ခါ ကျိုးဖူးပါတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူ ဇနီးမောင်နှံနှစ်ဦးမှာ ဦးဝင်းဌေးနှင့် ဒေါ်ဥမ္မာတို့ နှစ်ဖြစ်သည်။ ၎င်းတို့နှစ်ဦးအား ရွာငံ PDF ကို ထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံတပ်များမှ တပ်ဖွဲ့ဝင်များက ဆိုင်ကယ် ၄ စီးဖြင့်ရောက်လာပြီးနောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဇနီးမောင်နှံ၏ မိတ်ဆွေ တစ်ဦးက “သူတို့က သစ်ပွဲစားဆိုတော့ တောထဲ သွားရတာပေါ့။ သစ်ကွင်းက တောထဲမှာလေ။ သွားရင်လည်း အလုပ်သမားတွေအတွက် ထမင်းထုပ် ထည့်သွားရတယ်။ အဲ့ဒါကို PDF ထောက်ပံ့တယ်လို့ လာဖမ်းတာ။ ဘာသက်သေမှလည်း မပြနိုင်ဘူး။ သူတို့က နိုင်ငံရေး ဘာမှန်းတောင် မသိဘူး” ဟု ပြောသည်။
ထိုသို့ ဖမ်းဆီးခံရပြီး ၃ ရက်အကြာ၌ ဇနီးဖြစ်သူ ဒေါ်ဥမ္မာ မှာ စစ်ကြောရေးအတွင်း၌ပင် သေဆုံးခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ဖမ်းဆီးခံရစဉ်ကတည်းက ခင်ပွန်းဖြစ်သူကို သိန်း ၁၅၀ နှင့် ဇနီး ဖြစ်သူကို သိန်း ၈၀ ငွေညှစ်ခဲ့ပြီး ဇနီး ဖြစ်သူ သေဆုံးသွားခဲ့သည်။ လက်ရှိတွင် ခင်ပွန်းတစ်ဦးတည်းပါ သိန်း ၂၃၀ ပေးဆောင်မှသာ ကွင်းလုံးကျွတ် လွတ်မည် ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
လက်ရှိ ခင်ပွန်းဖြစ်သူအား သာစည်မြို့ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး မိသားစုဝင်များ အနေဖြင့် တစ်ပတ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် ၁၅ မိနစ်ခန့်သာ တွေ့ခွင့်ရသည်ဟု ဆိုကြသည်။
အဖမ်းခံရစဉ် အသက် ၃၀ အရွယ် သစ်အလုပ်သမား ၃ ဦးလည်း ပါဝင်ပြီး ထို ၃ ဦးနှင့်လည်း အဆက်အသွယ် မရသေးဟု နီးစပ်သူများက ဆိုသည်။
ဖမ်းဆီးခံရသူ ဇနီးမောင်နှံ ၂ ဦးမှာ သာစည်မြို့နယ်၊ သန်းတောကျေးရွာ၌ နေထိုင်ကြပြီး လက်ရှိတွင် ခင်ပွန်းဖြစ် သူကို သာစည်ရဲစခန်းမှ အကြမ်းဖက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု ပုဒ်မ ၄၃-က ဖြင့် စွဲချက်တင်ထားသည်ဟု နီးစပ်သူများက ပြောသည်။
ထိုပုဒ်မမှာ နှစ်ရှည် ထောင်ဒဏ် ကျနိုင်သည့်အပြင် ခင်ပွန်းဖြစ်သူမှာ လက်ရှိ စစ်ကြောရေးတွင်လည်း နှိပ်စက် ခံနေရသောကြောင့် ရုံးမထုတ်မီ အသက်ဆုံးရှုံးသွားမည်ကို မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။
ဓါတ်ပုံ – သေဆုံးသွားသူ ဒေါ်ဥမ္မာ၏ပုံ