စစ်ကိုင်းတိုင်း ကန့်ဘလူတွင် ရွာမီးရှို့ခံရသဖြင့် ရွာသားများ ထွက်ပြေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။
ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီးနောက် ကျေးရွာ ၃ ရွာ မီးရှို့ခံခဲ့ရသဖြင့် ရွာသားများ ဘေးလွှတ် ရာကို ထွက်ပြေးနေကြရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တင်ငုတ်ကြီးကျေးရွာရှိ ပျူစောထီးစခန်းအား ဇန်နဝါရီလ ၁၁ ရက်နေ့၌ ပြည်သူ့ ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်သိမ်းပြီးနောက် အနီးနားရှိ ကျေးရွာ ၃ ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အပြင် မီးရှို့ဖျက်ဆီးခံရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
“ပကဖအဖွဲ့က သိမ်းပြီး အဲ့စခန်းနား ပတ်ချာလည်က ရွာတွေကို မီးရှို့တာပါ။ သိမ်းတဲ့ စခန်းကိုက မီးရှို့ခဲ့တယ်။ ရွာတွေက ပျူရွာတွေပတ်လည် ဘက်ကို တိုက်ပြီး ပြန်ဆုတ်ခဲ့ပါတယ်။ စစ်ကြောင်းတွေက ရွာတွေ စဝင်ရင် လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ပြီးပဲ အမြဲဝင်တာပါ။ အခုက တမင်ရှို့လို့ပါ။ အကုန်ပြာကျတာတွေတော့ မဟုတ်ပါဘူး။ လောင်တဲ့ အရေအတွက်တော့ အတိအကျ မရေသေးတာပါခင်ဗျ” ဟု ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ ကန့်ဘလူ ၆၀၀၆ တင့်ကား တပ်ရင်းနှင့် ပျူစောထီး အင်အား ၁၃၀ ခန့်သည် ဇန္နဝါ ရီလ ၁၁ ရက်နေ့၊ နံနက် ၇ နာရီခွဲ ခန့်၌ သံချပ်ကာကား ၄ စီးဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကိုးမြို့ကျေးရွာ၊ တောင့်တည်းကုန်းကျေးရွာနှင့် သရက်ခေါင်းကျေးရွာတို့အား မီးရှို့ဖျက်ဆီးခြင်း ဖြစ်သည်။
၎င်းကျေးရွာများသည် စစ်ကောင်စီတပ်၏ အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခြင်းကို ခံနေရသည့် ကျေးရွာများဖြစ်ပြီး သရက်ခေါင်းကျေးရွာမှ လူနေအိမ် ၃၁ လုံး ပျက်စီးသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန် ရှိသူက ပြောသည်။
ထိုသို့ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး ယခုအကြိမ်သည် ၂၀၂၄ ခုနှစ်၏ ပထမဆုံးသော မီးရှို့ဖျက်ဆီးခံရမှု ဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်က ဆက်ပြောသည်။
“လောလောဆယ်တော့ ဖမ်းဆီးခံရတာ မကြားရပါဘူး။ ရှောင်နိုင်ကြတယ်လို့ ထင်ပါတယ်။ အကုန်လုံးတော့ ပြေးလွှား နေကြရတာပါပဲ။ ဒီနှစ်အစမှာတော့ ပထမဆုံးပေါ့ ၉ ရက်နေ့ကလည်း စစ်ရှောင်တဲ ၃၃ လုံး မီးရှို့ခံ ထား ရပါတယ်” ဟု ပြောသည်။
ဇန္နဝါရီလ ၉ ရက်နေ့၌လည်း ထန်းကုန်းတိုက်နယ်အတွင်းရှိ စစ်ရှောင်စခန်းအား စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့တို့က မီးရှို့ခဲ့ရာ စစ်ရှောင်တဲ အလုံး ၃၃ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရသည့်အပြင် ပြည်သူ ၂ ဦးလည်း အသတ်ခံ လိုက်ရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
အသတ်ခံရသည့် သူများမှာ အသက် ၆၅ နှစ်အရွယ် ဒေါ်ကြည်ဌေး နှင့် အသက် ၃၅ နှစ်အရွယ် ကိုတင်မျိုး အောင်ထွန်း တို့ဖြစ်ကြပြီး သေနတ်ဖြင့် ပစ်သတ်ကာ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် ကန့်ဘလူမြို့နယ်၌ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာ ၉ ရွာအတွင်းမှ ဒေသခံပြည် သူ ၁သောင်းကျော်သည် စစ်ဘေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူ များအဖွဲ့က ထုတ်ပြန်ထားသည်။