ရဲအချုပ်တွင် နိုင်ကျဉ်းတစ်ဦး သေဆုံးခဲ့ကြောင်း ၂ နှစ်ကျော်မှ သိရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မြို့မရဲစခန်းတွင် ချုပ်နှောင်ခံထားရသော အသက် ၁၇ နှစ်အရွယ် နိုင်ငံရေး အကျဉ်း သား တစ်ဦး သေဆုံးသွားခဲ့ရာ နှစ်နှစ်ကျော် အကြာမှ သိရသည်ဟု နီးစပ်သူများနှင့် နိုင်ကျဉ်းဟောင်းများက ပြော သည်။

လွိုင်ကော်မြို့၊ မြို့မရဲစခန်းတွင် ချုပ်နှောင်ခံထားရသော အသက် ၁၇ နှစ်အရွယ် နိုင်ငံရေး အကျဉ်းသား တစ်ဦး သေဆုံးမှုကို ၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်နေ့မှ သိရခြင်း ဖြစ်သည်ဟု နီးစပ်သူများနှင့် နိုင်ကျဉ်းဟောင်းများ က ပြောသည်။

ဖြစ်မှာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ မြို့မရဲစခန်းရှိ အချုပ်ခန်း ဖောက်ပြေးကြချိန် ပြန်လည် အဖမ်းခံရပြီး နောက် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားများ၏ နှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူ နိုင်ကျဉ်းဟောင်း ကိုဇင်လင်းထက်က ပြောသည်။

“နှိပ်စက်တာ သူတို့ ၃ ယောက်ကို အပြင်မှာ ထားတယ်။ ဝိုင်းရိုက်ကြတယ်ပေါ့နော်။ အဲမှာ ကောင်လေး တစ် ယောက်ဆိုရင် ခေါင်းတွေ ကွဲသွားတယ်။ မေးရိုးပြုတ်ထွက်သွားတယ်ပေါ့နော်။ ပြီးရင် သူ့ခြေထောက်ကလည်း သိမ်ချင်သလိုလို ဖြစ်သွားတယ်။ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်သွားတယ်ပေါ့။ အဲဒီမှာ ရဲသား တစ်ယောက်က ဂျော့မောင်ငယ်ကို အနီးကပ် ပစ်လိုက်တယ်ပေါ့နော်။ အဲဒီမှာ သူတို့ ၃ ယောက်က လှုပ်ရှားနိုင်တဲ့ အခြေအနေ မရှိတော့ဘူး ဝိုင်းရိုက်ထားတဲ့ အတွက်ပေါ့။”

နှိပ်စက်ခံရမှုများကြောင့် သေဆုံးသွားသူမှာ ပုဒ်မ ၅၀၅ နှင့် ဖမ်းဆီးခံထားရသူ အသက် ၁၇ နှစ်အရွယ် ကိုဂျော့ မောင်ငယ် ဆိုသူဖြစ်ပြီး လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားများက ကိုဂျော့မောင်ငယ်နှင့်အတူ အချုပ်သား ၃ ဦးကို အချုပ်ခန်း ဖောက်ပြေးသည့် ကိစ္စအား ဦးဆောင်သည်ဆိုသော စွပ်စွဲချက်နှင့် ညှဉ်းပန်း နှိပ်စက်ခဲ့ခြင်း ဖြစ်ပြီး ကိုဂျော့မောင် ငယ် မှာ ဆေးကုသခွင့် မရဘဲ သေဆုံးသွားခြင်း ဖြစ်သည်ဟု နိုင်ကျဉ်းဟောင်း ကိုဇင်လင်းထက်က ဆက် ပြော သည်။

“ပစ်ပြီးတော့ ဒီအတိုင်း ထားလိုက်တာလေနော်။ ကျော့မောင်ငယ်က ပစ်ပြီးတဲ့ အချိန်မှာတောင် အသက်ရှင်နေ သေးတယ်။ အဲဒါကို သူ့ကို ဆေးဝါးကုသဖို့အတွက် အကူအညီ တောင်းကြတယ်။ ဒါပေမယ့် လုံးဝ ကြည့် မပေး တာပေါ့။ အချုပ်သားတွေကို လုံးဝ ပစ်ပယ်ထားလိုက်တာလို့ ပြောရမယ်။ ဥပမာ အစာတွေလည်း မကျွေးတော့ ဘူးပေါ့နော်။ ပြီးရင် သူ့တို့ကို အဝတ်မဲ့ အနေအထား အတိုင်းပဲ ပစ်ထား လိုက်တာပေါ့။”

အဆိုပါ အချုပ်ခန်း ဖောက်ပြေးမှုဖြစ်စဉ်ထဲ တစ်ဦးတစ်ယောက်မှ လွတ်မြောက်ခဲ့ခြင်းမျိုး မရှိဘဲ အကျဉ်းသား အားလုံး ပြန်လည် ဖမ်းဆီးခံလိုက်ရသည်။

အခြား နိုင်ကျဉ်းများ အနေဖြင့်လည်း ဒီပြစ်မှုကြောင့် နှစ်ရှည်ထောင်ဒဏ်အထိပါ စီရင်ချက်ချခံရနိုင်သည်ဟု နိုင်ကျဉ်းဟောင်းများက ပြောသည်။

လွိုင်ကော် မြို့မရဲစခန်းရှိ အချုပ်ခန်းမှာ လွိုင်ကော် အကျဉ်းထောင်ကထက်ပင် လူ့အခွင့်ရေး ချိုးဖောက်မှုများ ခံ နေရပြီး နိုင်ကျဉ်း အများစုမှာ စီရင်ချက် မချမှီ နှိပ်စက်ခံရပြီး သေဆုံးသွားခြင်းများလည်း ရှိနေသည်ဟု ဆိုကြ သည်။

ဓါတ်ပုံ – Karenni Political Prisoners Association-KPPA (ပုံစာ – သေဆုံးသွားသူ ကိုဂျော့မောင်ငယ်)