စစ်ကောင်စီ စစ်ကြောင်းမှ ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် ကျည် ထိမှန်ပြီး ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများကပြောသည်။
စစ်ကောင်စီစစ်ကြောင်း ရွာထဲသို့ ဝင်ရောက်ချိန်တွင်ပစ်ခတ်ခဲ့သည့် ကျည်ထိမှန်ပြီး အသက် ၃၀ နှစ်အရွယ် ကိုကျော်ဌေး ဆိုသူသည် လက်မောင်းတွင် ရှပ်ထိဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက “သေနတ်ကျည်ထိတဲ့သူက အိမ်မှာထိုင်နေရင်း ထိတာ စစ်သားတွေက သေနတ်တွေနဲ့ပစ်ပြီး ရွာထဲဝင်လာတာ” ဟု ပြောသည်။
အင်အား ၇၀ ကျော်ပါသည့် စစ်ကောင်စီတပ်ဖွဲ့သည် မြိတ်မြို့နယ်၊ သကန်ကျေရွာထဲသို့ ဇန်နဝါရီလ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီစစ်ကြောင်းမှာ မြိတ်မြို့နယ်ထဲက တောင်ပုကျေးရွာနှင့် ခုံမော်ကျေးရွာအကြားတွင် ဇန္နဝါရီလ ၁၀ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် စစ်ကြောင်းဖြစ်သည်ဟု ရွာသားများက ဆိုသည်။
မိုင်းဆွဲခံရတဲ့နေ့မှာပင် တောင်ပုကျေးရွာထဲ ဝင်ရောက်ရှာဖွေ ဖျက်ဆီးခြင်းများ လုပ်ခဲ့ကြသည့်အပြင် လက်နက် ကြီးနှင့် ပစ်ခတ်ခြင်းများကိုလည်း နောက်ရက်များအထိတိုင် ဆက်လက်လုပ်ခဲ့ကြောင်း ဆိုကြသည်။
မိုင်းဆွဲခံရသည့် စစ်ကောင်စီစစ်ကြောင်းမှာ ဇန္နဝါရီလ ၁၄ ရက်နေ့တွင် တောင်ပုကျေးရွာနှင့် ကပ်လျက်ရှိနေ သည့် သကန်ကျေးရွာထဲသို့ ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု တောင်ပုရွာသားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်မှ သကန်ကျေးရွာထဲမှ ရွာသား အယောက် ၂၀ ခန့်ကိုလည်း ရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီး စစ်ဆေးခြင်း ပြုလုပ်ခဲ့ပြီး စစ်ကြောင်းပြန်ထွက်ချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ရွာသားများက ပြောသည်။
လက်ရှိတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ သကန်ကျေးရွာနှင့် တောင်ပုကျေးရွာအနီးရှိ ရွှေကြက်ယက် တောင်ပေါ်နေရာ၌ တပ်စွဲထားသည်ဟု ဆိုကြသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း တောင်ပုကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား တစ်ဦး စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့ဖူးသေးသည်။