စစ်ကောင်စီ တရားလက်လွတ်သတ်ဖြတ်မှုကြောင့် တစ်နှစ်အတွင်း လူ ၁၄၀၀ ကျော် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။
၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ တရားလက်လွတ် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုလိုက်သည်။
NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ကောက်ယူရရှိထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု အချက် အလက်များနှင့် ပတ်သက်သော ရုပ်သံ ထုတ်ပြန်ချက်ထဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက ဇန္နဝါရီ လ ၁၁ ရက်နေ့က ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ အများဆုံး ကျူးလွန်တဲ့ တရားလက်လွတ် သတ်ဖြတ်ခြင်းကြောင့် သေဆုံးခဲ့ရတဲ့ အမှု ပေါင်း ကျနော်တို့ ၃၀၄ ခုကို ကျနော်တို့ စုဆောင်းရရှိပါတယ်။ အဲထဲမှာဆိုတော့ လူပေါင်း ၁၄၂၁ ဦးအား မတရား သတ်ဖြတ်ခံရတယ်။ အသက် ၁၈ နှစ်အောက်အရွယ်ရှိတဲ့ ကလေးငယ်တွေ ၁၇၂ ဦး ပါဝင်တာ တွေ့ရပါ တယ်။ အဲကလေးငယ်တွေက မွေးကင်းစ လသား ရက်သား အရွယ်အထိ မိခင်နဲ့အတူ သေဆုံးခဲ့တဲ့သူလည်း ရှိပါ တယ်။ ဒါ့အပြင် သက်ကြီးရွယ်အိုတွေလည်း အသက် ၆၀ ကျော် ၇၀ ကျော် သေဆုံးမှုတွေလည်း ရှိပါတယ်။ မသန်စွမ်းလို့ မထွက်ပြေးနိုင်ပဲနဲ့ သတ်ဖြတ်မှုခံရတဲ့ မသန်စွမ်းသူများလည်း ပါဝင်တာကို တွေ့ရပါတယ်။”
အမျိုးသားညီညွတ်ရေး အစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီးက ထုတ်ပြန်ပြောဆိုလိုက်သည့် စာရင်းမှာ ၂၀၂၃ ခုနှစ်အတွင်း ကောက်ယူရရှိထားသော စာရင်းဖြစ်သည်။
ထို့အပြင် ၂၀၂၃ ခုနှစ်ထဲ၌ စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို လည်း ၈၆ ကြိမ် အထိ ပြုလုပ်ခဲ့သည်ဟု ဦးအောင်မျိုးမင်းက ဆက်ပြောသည်။
“နောက်တစ်ခုကတော့ ကျနော်တို့ လူ ၅ ဦးနဲ့အထက် သတ်ဖြတ်မှု ကိစ္စတွေ ၂၀၂၃ ကာလအတွင်းမှာ ဖြစ်ပွားခဲ့ တာ ရှိပါတယ်။ လူ ၅ ဦးနဲ့အထက်ဆိုတော့ တစ်နေရာ တစ်ချိန်တည်းမှာပဲ အရပ်သားပြည်သူတွေကို ရည်ရွယ် ချက် ရှိရှိနဲ့ သတ်ဖြတ်တဲ့ အချက်ကို လူ ၅ ဦးထက်သတ်မှတ်ခြင်း အစုလိုက် အပြုံလိုက် သတ်မှတ်ခြင်းလို့ ကျနော် ပြောနိုင်ပါတယ်။ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၅ ဦးနဲ့အထက် သတ်ဖြတ်တဲ့ဟာ ၂၀၂၃ နှစ်အ တွင်းမှာ ၈၆ ကြိမ် ကျနော်တို့ မှတ်တမ်းတင် ရရှိပါတယ်။ ဒီ ၈၆ ကြိမ်မှာ သတ်ဖြတ်ခံရတဲ့ ပြည်သူ အရေအ တွက်ကတော့ ၈၆၈ ဦး ရှိတာကို ကျနော်တို့ တွေ့ရပါတယ်။”
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုထဲ ၂၀၂၃ ခုနှစ်အတွင်း၌ ပဇီကြီးကျေးရွာ လေကြောင်းမှ တိုက်ခိုက်ခံရမှုက အဆိုးရွားဆုံးဖြစ်သည်။
ဦးအောင်မျိုးမင်းက “အဲဒီအထဲမှာမှ ကျနော်တို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ရွေးချယ်ပြီး ပြောရမယ် ဆိုရင်တော့ ပဇီကြီးကျေးရွာမှာ လေကြောင်းက တိုက်ခိုက် မှုကြောင့် အရပ်သား ပြည်သူတွေ ကလေးငယ်တွေ မိဘတွေ စုစုပေါင်း ၁၅၇ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကတော့ ၂၀၂၃ ကာလအတွင်းမှာ လူအမြောက်အများ သေဆုံး မှု ဖြစ်တဲ့အရာ ဖြစ်ပါတယ်” ဟု ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်က အများဆုံးကျူးလွန်သည့် လူ့အခွင့်အရေး အမျိုးအစားသည် တရားလက် လွတ် သတ်ဖြတ်မှုများဖြစ်သည်ဟု ဦးအောင်မျိုးက ဆိုသည်။
တရားလက်လွတ်သတ်ဖြတ်မှုမှာ ပါဝင်သော လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးအစားနှင့် ပတ်သက်၍လည်း ဦးအောင်မျိုးမင်းက ယခုကဲ့သို့ ဆက်ပြောသည်။
“၂၀၂၃ ကာလအတွင်းမှာ ဆိုးဆိုးဝါးဝါးဖြစ်ပျက်ပြီး အများဆုံးဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး အမျိုးအစားကတော့ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ တရားလက်လွတ် သတ်ဖြတ်ခြင်းဆိုတာ ဘာတွေကို ဆိုလိုတာလဲ အရပ်သား ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်တာ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ပြီးတော့ ပစ် ခတ်တာ၊ တွေ့သမျှလူကို အကုန်လုံး အကြောင်းအရင်းမရှိ ဘာမှ အကြောင်းတရားမရှိပဲနဲ့ သတ်ဖြတ်တာ။ ဒါ့ အပြင် ထွက်ပြေးတိမ်းရှောင်တဲ့ သူကို တွေ့တဲ့နေရာမှာ သတ်ဖြတ်တာတွေ၊ ဖမ်းဆီးခေါ်ဆောင်ပြီးတော့ သတ် ဖြတ်တဲ့ အချက်တွေ ပါဝင်ပါတယ်။”
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီးများထဲ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။
ထိုတိုက်ပွဲများကြောင့် စစ်ရေးပဋိပက္ခအတွင်းက ဒေသခံ ပြည်သူများသည် စစ်ကောင်စီတပ်၏ တရားလက် လွတ် သတ်ဖြတ်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုးကို ခံနေရသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများ နှင့် ဒေသခံပြည်သူများက ပြောသည်။