စစ်ကောင်စီလက်နက်ကြီးကြောင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။

တနင်္သာရီမြို့နယ်၊ အရှေ့ကမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ရွာသား ၂ ဦး ထိမှန်ခဲ့သည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အသက် ၇၂ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးနှင့် အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ညောင်ပင်ကွင်းရွာသားတစ်ဦး က ပြောသည်။

“တိုက်ပွဲဖြစ်နေတဲ့အချိန် အိမ်ပေါ်ကနေ ဆင်းပြေးတဲ့ အချိန်မှာ အဖွားကြီးက လက်မောင်းမှာ ကျည်ထိမှန်ဒဏ် ရာရခဲ့တာ။ အမျိုးသားဖြစ်သူမှာက နည်းနည်းစိုးရိမ်ရတယ်။ ဗိုက်နဲ့ လက်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ဒဏ်ရာက ပိုပြင်းတယ်။”

ဇန္နဝါရီလ ၁၅ ရက်နေ့၊ နံနက် ၆ နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား နာရီ ဝက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ညောင် ပင်ကွင်း – အရှေ့ကမ်းကျေးရွာထဲရှိ ခြံများအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ရွာသားများ ထိခိုက်မှု ရှိခဲ့သည့်အပြင် လူနေအိမ် ၅ ဆောင်ထက် မနည်းလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ရွာသား များက ဆိုသည်။

လက်ရှိတွင် ရွာသားများမှာ နီးစပ်ရာ ဥယျာဉ်ခြံများထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြဆဲ ဖြစ်ပြီး နေအိမ်ပြန် ရောက်နေကြသူ အနည်းငယ်သာရှိနေသေးသည်ဟု ဆိုကြသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဇန္နဝါရီလ ၁၆ ရက်နေ့၊ နံနက်ပိုင်းအချိန်ထိ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် ခမရ – ၅၆၁ တပ်ရင်းနှင့် ကမ္မလိုင်းကျေးရွာ အခြေစိုက် ခမရ – ၅၅၈ တပ်ရင်းတို့မှလည်း ညောင်ပင် ကွင်းကျေးရွာဘက်သို့ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

အလားတူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးနေ့ကလည်း ခမရ – ၅၆၁ တပ်ရင်းအတွင်းမှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ညောင်ပင်ကွင်းကျေးရွာ အရှေ့ကမ်းမှ နေအိမ်နှစ် ဆောင် ကျည်ထိမှန် ပျက်စီးခဲ့သေးသည်။