လုံခြုံရေးတင်းကြပ်ထားသည့် နာဂနှစ်သစ်ကူးပွဲတော်ကို ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဒေါ်သက်သက်ခိုင်တက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် ယခုနှစ်ကျင်းပပြုလုပ်ခဲ့သည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အား စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး အပြင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါ်သက်သက်ခိုင်တို့ တက်ရောက်ခဲ့ကြသည်။
ယခင်နှစ်ထက် လုံခြုံရေးနှစ်ဆတိုးမြှင့်ထားသည့် အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါ်သက်သက်ခိုင်တို့ အပါအဝင် ဝန်ကြီး ၆ ဦး တက်ရောက်ခဲ့သည့်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “အခြေအနေက ချောချောမွန်မွန် ပြီးသွားပါပြီး။ အဓိက ပြည်ထောင်စုဝန်ကြီးနဲ့ ကျန်တဲ့ ဝန် ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ပါတယ်။ ဒေါ်သက်သက်ခိုင်ပါတယ် ဝန်ကြီး ၆ ပါး ပါတယ်။ စစ်ကိုင်း တိုင်း ဝန်ကြီးချုပ်အပါပေါ့။ သူကတော့ ၃ ညအိပ်သွားတယ်။ ကျန်တဲ့ ဝန်ကြီးကတော့ ၂ ည အိပ်သွာတယ်” ဟု ပြောသည်။
၃၄ ကြိမ်မြောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အား ဇန္နဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့ပြီး လုံခြုံရေးကို အထူးတင်းကြပ်စွာချထားခဲ့ကြောင်း လေရှီးဒေသခံများက ပြောသည်။
လေရှီးဒေသခံ အမျိုးသမီးတစ်ဦးက “အခုချိန်တော့ အရင်ကလောက်တော့ မစည်းကားတော့ဘူးပေါ့။ အနှောက် အယှက်တော့ ဘာမှ မဖြစ်ဘူး။ အဆင်ပြေ ပြေပဲ ပြီးသွားပါတယ်။ လုံခြုံရေးကတော့ အရမ်းတင်းကြပ်တယ်။ စစ်ဆေးခံပြီးမှ ပွဲထဲကိုဝင်ခိုင်းတာ။ လူတစ်ယောက်ချင်းစီကို အိတ်တွေစစ်တယ်။ တချို့ဆို မှတ်ပုံတင်တောင် တောင်းတာ ရှိတယ်။ ပိုက်ဆံအိတ်၊ ကြောပိုးအိတ်၊ လွယ်လာတဲ့အိတ် အကုန်လုံးကို အသေးစိတ် စစ်တာ” ဟု ပြောသည်။
မည်သို့သော သတင်းများ၊ အခြေအနေများကြောင့် ယခုကဲ့သို့ စစ်ဆေးမှုများ တင်းကြပ်ထားသည်ကို မသိရ သောလည်း ဝန်းကြီးများ တက်ရောက်လာခြင်းကြောင့် ယခုကဲ့သို့ စစ်ဆေးခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
အဆိုပါ နှစ်သစ်ကူးပွဲတော်အား နိုင်ငံတော်အဆင့် ပွဲကျင်းပခဲ့ကြခြင်း ဖြစ်သော်လည်း လမ်းခရီးအခြေအနေ ကြောင့် နာဂဒေသအတွင်းရှိ ခန္တီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်နှင့် တနိုင်းမြို့နယ်တို့မှ နာဂ ကိုယ်စား လှယ်များ၊ အကအဖွဲ့များ နှင့် နာဂလူငယ်များ လာရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
လေရှီးဒေသခံ အမျိုးသားတစ်ဦးက “ဒီနှစ်ကျတော့ မြို့နယ် ကိုယ်စားလှယ်တွေလည်း မလာကြဘူး။ လမ်းခရီး ကြောင့် လမ်းတွေကလည်းဝေး၊ အခြေအနေတွေကလည်း မကောင်းဆိုတော့ အဝေးက လူတွေကတော့ မလာ နိုင်ကြဘူး။ လမ်းခရီးကြောင့် အမျိုးမျိုးကြောင့် ဖြစ်မှာပေါ့။ ခန္တီး၊ နန်းယွန်းဘက်က မလာကြဘူး။ ဟုမ္မလင်း မြို့နယ်ကတော့ တက်လာကြတယ်။ လေရှီးကတော့ ပိုများတာပေါ့လေ။” ဟု ပြောသည်။
နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ခဲ့သည့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများက နာဂဒေသ ဖွံ့ဖြိုးတိုး တက် ရေးအတွက် လိုအပ်သည့် ဒေတာအချက်လက်များ ကောက်ယူသွားကြောင်းလည်း လေရှီးဒေသခံက ပြောသည်။
ထိုသို့ နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးပွဲတော်သို့ လာကြသည့် ဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များက ပြောဆိုခဲ့သော် လည်း မြေပြင်တွင် ဖွံ့ဖြိုးတိုးတက်မှုမှာ နိုင်ငံအတွင်း နောက်အကျဆုံး ဒေသတစ်ခု ဖြစ်နေဆဲဟု လေရှီးဒေသခံ များက ဆိုကြသည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အား ခန္တီး၊ လဟယ်၊ လေရှီးနှင့် နန်းယွန်းမြို့နယ်တို့တွင် နှစ်စဉ်နှစ်တိုင်း အလှည့်ကျ ကျင်းပလေ့ရှိပြီး ၂၀၂၃ ခုနှစ်တုန်းက လဟယ်မြို့တွင် ကျင်းပခဲ့ပြီး စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့သည်။