မိုးမိတ်တွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲ ပြင်းထန်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ၊ ဇန္နဝါရီလ ၁၉ ရက်။
ရှမ်းမြောက်၊ မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ် ပွားနေပြီး မြို့ပေါ်နားအထိ အပြင်းအထန် ဖြစ်ပွားလာနေသည်ဟု ဒေသခံများက ပြောသည်။
ဇန္နဝါရီလ ၁၈ ရက်နေ့၊ နံနက် ၅ အချိန်ကစတင်ဖြစ်ပွားလာသည့် မိုးမိတ်မြို့ တိုက်ပွဲထဲ စစ်တပ်ဘက်က လေ ယာဉ်နှင့် လေးကြိမ်လာပစ်ခဲ့သည့်အပြင် လက်နက်ကြီးငယ်များနှင့်ပါ ပစ်ခတ်နေသည်ဟု ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။
မိုးမိတ်မြို့တွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက “မနက် ၅နာရီခွဲ ဝန်းကျင်မှာ စဖြစ်တာ အခုထိပဲ။ ဖြစ်တာက တော့ ရွှေဇာလီ နဲ့ အာသံဖက်မှာ ဖြစ်တာ။ တိုက်ပွဲကတော့ အခုထိပဲ ချနေတာ။ ဒီမနက်တောင် လေယာဉ်နဲ့ လာပစ်တာ ၄ ခါရှိပြီ” ဟု ပြောသည်။
မိုးမိတ်မြို့နယ်ထဲက အုန်းကြော၊ ရွှေဇာလီနှင့် အာသံ ဆိုသည့် ကျေးရွာများဘက်တွင် နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ရွှေဇာလီဘက်က နေအိမ်များ မီးလောင်နေသည်ကိုလည်း အဝေးကနေ မြင်နေရသည်ဟု ဒေသခံများက ဆိုသည်။
သို့သော် တိုက်ပွဲထဲ လူထိခိုက်မှု အခြေအနေများကိုမူ မသိရသေးဘူးဟု ဆိုကြသည်။
အခြား မြို့ခံအမျိုးသမီးတစ်ဦးကလည်း “ဟုတ်တယ် တိုက်ပွဲဖြစ်နေတာ ရွှေဇာလီ နဲ့ အာသံကတော့ Sold out လို့ ပြောတယ်။ အခု ကြည်တော်စုဖက်မှာ ဖြစ်နေတယ်။ လူထိခိုက်တာတော့ မရှိဘူးပဲ ပြောရမလာပဲ။ ဘာမှ တော့ မကြားရသေးဘူး။ အိမ်တွေ ထိတာတော့ ကြားတယ်” ဟု ပြောသည်။
ဇန္နဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲထဲ မိုးမိတ်မြို့၊ မြို့မရဲစခန်းဘက်ကနေလည်း အရပ် သား ပြည်သူများနေထိုင်ရာ ရပ်ရွာများဘက်ကို လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ဒေသခံများက ပြော သည်။
မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းကို KIA နှင့် PDF ပူးပေါင်းတပ်က တိုက်ခိုက်ရန် ဝိုင်းထားချိန် စခန်းတစ်ခုလုံးက အလံဖြူထောင်ပြီး KIA ထံလက်နက်ချ အညံ့ခံခဲ့သည်ဟု ဒေသခံများက ပြောဆိုနေကြသော် လည်း KIA ဘက်က အတည်ပြုချက် မရရှိသေးပေ။
မိုးမိတ်မြို့ပေါ်အထိ ဖြစ်ပွားလာနေသော တိုက်ပွဲများကြောင့် မိုးမိတ်ဒေသခံအချို့မှာ မိုးကုတ်မြို့ဘက်နှင့် နီးစပ်ရာကျေးရွာများဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုဆိုသည်။
မိုးမိတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်နိုင်ရေး ဇန္နဝါရီလ ၁ ရက်နေ့ကတည်း စတင် တိုက်ခိုက်နေပြီး လက်ရှိတွင် အဆိုပါ တိုက်ပွဲများမှာ မိုးမိတ်မြို့ပေါ်နားအထိ ဖြစ်လာနေသည်။