ခန္တီးတိုက်ပွဲ စစ်ကောင်စီနှင့် SNA တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်ထဲတွင် စစ်ကောင်စီတပ်၊ ရှမ်းနီတပ်မတော် SNA ပူးပေါင်းတပ်များနှင့် ကချင်လွတ် လပ်ရေးတပ်မတော် KIA ဦးဆောင်သည့် ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွင် စစ်ကောင်စီ တပ်မှ တပ်ဖွဲ့ဝင်များနှင့် SNA တပ်သား ၁၀ ဦး သေဆုံးသွားသည်။

ခန္တီးမြို့နယ်၊ နန်စီပွန်ကျေးရွာအနီးရှိ ငှက်ပျောတောတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် SNA တပ်စခန်းကို KIA၊ အရှေ့နာဂ ကာကွယ်ရေးတပ်မတော် ENDA၊ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NPDF ပူးပေါင်း မဟာမိတ် တော်လှန်ရေးတပ်တို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

NPDF တာဝန်ရှိသူက “တစ်ရက် နာရီဝက်လောက် ဖြစ်တာပါ။ ရက်ဆက် တောက်လျှောက် ဖြစ်နေတာမျိုး တော့ မဟုတ်ပါဘူး။ သေတာက ၁၀ ယောက် သေတယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့သူတွေကော ရှိတယ်လို့ ကြားရတယ်။ ဒါတော့ ဘယ်နှစ်ယောက်ဆိုတာ အတည်မပြုနိုင် သေးပါဘူး။ သူတို့ပူးပေါင်းထားတဲ့ တပ်ဖွဲ့ သေ တာပါ။ စကစ နဲ့ SNA ဆိုပြီး ခွဲခြားအတည်ပြု နိုင်တာမျိုးတော့ မရှိဘူး။ နှစ်ဖွဲ့ပေါင်း ၁၀ ဆိုတာမျိုးပဲ သိရ တယ်” ဟု ပြောသည်။

ငှက်ပျောတောတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် SNA တပ်စခန်းကို KIA၊ ENDA၊ NPDF ပူးပေါင်း မဟာမိတ်တော်လှန်ရေးတပ်တို့က တစ်ရက်ခြားစီ နှစ်ရက် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်ခံရမှုထဲ စစ်ကောင်စီတပ်နှင့် SNA တပ်ဖွဲ့တို့ဘက်က ၁၀ ဦးသေဆုံးသွားခဲ့သည်ဟု NPDF တာ ဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲနှင့်ပတ်သတ်၍ အရှေ့နာဂ ကာကွယ်ရေးတပ် ENDA မှ တာဝန်ရှိသူတစ်ဦးကလည်း “ENDA၊ KIA၊ NPDF ရယ် အတူသွားခဲ့တာပါ။ ပဒူးမုန်း အထက် ငှက်ပျောတောမှာ ဖြစ်တာပါ။ နန်စီပွန် အထက်နားက မှာ ဟုတ်တယ်။ ကျနော်တို့ အဖွဲ့ကတော့ ထိခိုက်မရှိခဲ့ပါဘူး” ဟု ပြောသည်။

အဆိုပါ ငှက်ပျောတော စခန်းတွင် စစ်ကောင်စီ လက်အောက်ခံတပ်ဖြစ်သည့် ခလရ – ၂၂၉ နှင့် ရှမ်းနီတပ်မတော် SNA အင်အား ၁၀၀ ခန့်ထိုင်ထားခြင်းဖြစ်သည်။ တိုက်ပွဲမှာ ဇန္နဝါရီလ ၁၃ ရက်နေ့ နှင့် ၁၅ ရက်နေ့ ၂ ရက် တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုထဲ၌ NPDF တပ်ဖွဲ့ဘက်မှ တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

NPDF တာဝန်ရှိသူက “NPDF က တစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ် ဘူး။ သူတို့ဘက်က လက်နက်ကြီး ပြန်ပစ်တာတွေရှိတယ်။ ဒေသခံတွေ အထိအခိုက်တော့ မရှိဘူး။ ရှောင်တိမ်း တာတွေတော့ ရှိပါတယ်။ လက်ရှိ ဘယ်လောက် တိမ်းရှောင် နေရတယ်ဆိုတာတော့ အတည်ပြုဖို့ ခက်တယ်ဗျ။ အခုလည်း တိမ်းရှောင်နေသူရှိတုန်းပဲ” ဟု ပြောသည်။

နန်စီပွန်ကျေးရွာသည် ခန္တီးမြို့နယ်ရှိ ကျောက်စိမ်းထွက်သည့် ဒေသဖြစ်ပြီး ၎င်းဒေသမှ ဒေသခံများမှာ ထို တိုက်ပွဲ ဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း NPDF တာဝန်ရှိသူက ပြောသည်။

နန်စီပွန်ဒေသသည် ကျောက်စိမ်းနှင့် ရွှေထွက်ရာ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်နှင့် SNA ရှမ်းနီတပ်တို့ စိုးမိုးထား သည့် ဒေသလည်း ဖြစ်သည်။

ဓါတ်ပုံ – ၂၀၂၁ ခုနှစ်၊ မေလတွင် ခန္တီး နန်စီပွန်ကျောက်စိမ်းမှော်ရှိ တပ်စခန်းများကို ကေအိုင်အေ ဝင်တိုက်ခဲ့သည့်ပုံ (ပုံဟောင်း)