ဘုံသဘောတူညီချက်များကို ဆုပ်ကိုင်ရန် NUG ယာယီ သမ္မတ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG နှင့် တိုင်းရင်းသား မဟာမိတ်များအကြား ဘုံသဘောတူညီချက်များ အတိုင်း ဆက်သွားရန် လိုအပ်သည်ဟု NUG ယာယီသမ္မတက ပြောဆိုလိုက်သည်။

အခက်အခဲ အတားအဆီးများ ရှိနေသည့်တိုင် မူလပန်းတိုင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးကို ဆက်လက် လုပ်ဆောင် သွားကြမည် ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

“တိုင်းရင်းသား မဟာမိတ်တပ်ပေါင်းစု စိတ်ဓာတ်ကို ကျနော်တို့ဟာ မဟာဗျူဟာ အပြောင်းအလဲနဲ့ နည်း ဗျူဟာ အလှည့်အပြောင်းတွေမှာ မြဲမြဲ ဆုပ်ကိုင်ပြီး ချီတက်ဖို့ လိုတယ်လို့ ယူဆပါတယ်။ တော်လှန်ရေး ခရီးဆိုတာ အစဉ်အမြဲ တစ်ဖြောင့်တည်း ဖြစ်နေတာ မဟုတ်ပါဘူး။ အတက်အဆင်းတွေ ရှိမှာဖြစ်သလို၊ အချိုးအကွေ့တွေကိုလည်း ကြုံကြရမှာ ဖြစ်ပါတယ်။ ဘယ်လို အခြေအနေမျိုးနဲ့ပဲ ကြုံသည်ဖြစ်စေ၊ ကျ နော်တို့ဟာ မူလပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ် ငြိမ်းရေးကို လျစ်လျှူရှုပြီး လုပ်ဆောင်မှာ မဟုတ်ဘူးဆိုတာ ကျနော်အနေနဲ့ ရဲရဲဝံ့ဝံ့ ယုံ ကြည်ပါတယ်။”

ဇန္နဝါရီလ ၁၆ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အစိုးရအဖွဲ့ အစည်းအဝေး မိန့်ခွန်းတွင် ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် NUG နှင့် တိုင်းရင်းသား မဟာမိတ်များအကြား အမျိုးသားညီညွတ်ရေးကို ထိပါးစေနိုင်သော နိုင်ငံ ရေး ထောင်ချောက်များကို သတိထား ရှောင်ရှားကြရန်လိုအပ်ကြောင်း ဒူဝါလရှီးလက သတိပေးပြောဆို ထားသည်။

“အခု ၂၀၂၄ ခုနှစ်မှာလည်း တိုင်းရင်းသား မဟာမိတ်တွေနဲ့ ပိုမိုခိုင်မြဲသော နိုင်ငံရေး ဘုံသဘောတူညီချက် တွေ ဆက်လက် ရရှိနိုင်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ အစဉ်တစိုက် ကြိုးစားနေရမှာ ဖြစ်ပါ တယ်။ မဟာမိတ် တော်လှန်ရေးတပ်ပေါင်းစု တည်ဆောက်ရာမှာ အကဲဆတ်တဲ့ နိုင်ငံရေး မိုင်းဗုံးတွေကို သတိထား ရှောင်ကြဉ်ကြဖို့ သတိပေးလိုပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးမူကို ထိပါးစေတဲ့ နိုင်ငံရေး ထောင်ချောက်တွေကို သတိထား ရှောင်ရှားကြဖို့ အလေးအနက်ထား ပြောကြားလိုပါတယ်။”

လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး အခြေအနေများမှာ NUG အစိုးရနှင့် တိုင်းရင်းသား မဟာမိတ် ညီညွတ်ရေး တပ်ပေါင်းစုတို့အတွက် တစ်နေ့တစ်ခြား ပိုမို အရေးကြီးသော အခန်းကဏ္ဍကို ရောက်လာနေပြီ ဖြစ်ကြောင်းကိုလည်း သတိချပ်ဖို့ လိုအပ်သည်ဟု ဒူဝါလရှီးလက ပြောသည်။

ထို့ကြောင့် နွေဦးတော်လှန်ရေး၏ ဘုံရည်မှန်းချက်အတိုင်း အခွင့်သာခိုက်တွင် အတူတကွ ရုန်းကြရန် လိုအပ်ကြောင်း ဆက်လက် တိုက်တွန်းထားသည်။

တိုင်းရင်းသား မဟာမိတ်များအနေဖြင့်လည်း ပြည်သူလူထု၏ ဘေးဒုက္ခများကို မိမိတို့၏ သွေးသားကဲ့သို့ သဘောထားပြီး နွေဦးတော်လှန်ရေး ရည်မှန်းချက်ဖြစ်သော လူထုကို ကာကွယ်စောင့်ရှောက်ရန် ဆိုသည့် မူအပေါ်တွင် အခြေခံထားသည်ကို မမေ့ကြရန်လိုအပ်သည်ဟု တိုက်တွန်းပြောဆိုထားသည်။