သရက်ချောင်းတွင် တနင်္သာရီတိုင်းဝန်ကြီးချုပ် ယာဥ်တန်း မိုင်းဆွဲခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။

ထားဝယ် – မြိတ်ကားလမ်းပေါ်ရှိ သရက်ချောင်းမြို့နယ်ထဲအတွင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကို လိုက်
ပါလာသည့် ယာဥ်တန်း မိုင်းဆွဲခံခဲ့ရသည်ဟု ညောဇင်ရွာသားများက ပြောသည်။

ဦးမြတ်ကို ပါဝင်သည့် ဝန်ကြီးအဖွဲ့သည် ဇန္နဝါရီလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် သရက်ချောင်းမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည့် မြို့နယ်တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံပွဲကို တက်ရောက် ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်မြို့သို့ ကားနှစ်ဆယ်ခန့်ပါ ယာဥ်တန်းနှင့် ပြန်လာသည့်အချိန် မွန်းတည့် ၁၂ နာရီခန့်တွင် ညောင်ဇင်ကျေး ရွာနှင့် ရန်တောင်ကျေးရွာအကြားရှိ တောက်ထိန်တောင်အနီး၌ မိုင်းဆွဲခံခဲ့ရခြင်း ဖြစ်ကြောင်း ရွာသားများက ပြောသည်။

အသက် ၄၀ ခန့် အရွယ် ရွာသားတစ်ဦးက “ဂျိမ်းဆိုပြီး ပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်တယ်။ မြေကြီးပါ တုန်အောင်ကြမ်းတယ်။ ပြီးတော့ သေနတ်ပစ်သံတွေ ထပ်ကြားရသေးတယ်” ဟု ပြောသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ယာဥ်တန်းနောက်ဆုံးက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် Vigo ကား နှစ်စီး ထိမှန်ခဲ့သည်။

ထို့နောက် ယာဥ်တန်းတွင်ပါလာသည့် တပ်ဖွဲ့ဝင်များက သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ထားဝယ်မြို့ ဘက်သို့ ဆက်လက်မောင်းနှင်သွားသည်ဟု ရွာသားများက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လမ်းတလျောက်၌ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ် အင်အား တစ်ရာ ခန့်က ညောင်ဇင်ကျေးရွာနှင့် ရန်တောင်ကျေးရွာထဲသို့ ရောက်လာပြီး ရွာထဲမှ နေအိမ်အချို့ကို မွှေနှောက် ရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ယာဥ်တန်းတိုက်ခိုက်ခြင်း မခံရခင်ကလည်း စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်က သရက်ချောင်း မြို့နယ်၊ ဥတ္တူကျေးရွာထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်ကာ ရွာထဲမှ နေအိမ် ၇ ဆောင်ကိုမီးရှို့ဖျက်ဆီးခဲ့သေး သည်။