PRDF တပ်ဖွဲ့ဝင်ဟောင်း အသတ်ခံရသည့်ကိစ္စ စုံစမ်းစစ်ဆေးရေးစတင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။

ပုလောပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PRDF တပ်ဖွဲ့ဝင်တစ်ဦး အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ အမှုမှန် ပေါ် ပေါက်နိုင်ရန် အတွက် စုံစမ်းစစ်ဆေးမည့်အဖွဲ့ကို ဖွဲ့စည်းပြီး စတင်စုံစမ်းနေပြီဖြစ်သည်။

အသတ်ခံရသူမှာ ပုလောမြို့နယ်၊ ခန္တီကျေးရွာသား အသက် ၄၀ နှစ်အရွယ် ကိုပင်လယ်လူ ဆိုသူ ဖြစ်သည်ဟု PRDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကိုပင်လယ်လူ ဆိုသူဖြစ်ပြီး PRDF အဖွဲ့မှ နှုတ်ထွက်ထားသည်မှာ ၉ လကျော်ကြာမြင့်ခဲ့ပြီးနောက် လက်ရှိတွင် မိ
ကျောင်းစစ်ကြောင်း၌ ပြောင်းလဲ၍ တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်းလည်း PRDF တပ်ဖွဲ့ဝင်က ပြောသည်။

အမျိုးသမီးမီးဖွားရန်အတွက် နေအိမ်သို့ ခွင့်ယူပြန်လာသည့် ကိုပင်လယ်လူကို ဇန္နဝါရီလ ၈ ရက်နေ့က မိကျောင်းစစ်ကြောင်းအဖွဲ့ဝင် ကိုဝိုင်လူး အပါအဝင် မျက်နှာဖုံးဝတ်ဆင်ထားသည့် လူရှစ်ဦးက ဖမ်းဆီးသွားခဲ့ပြီး နောက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အသတ်ခံရသည့် ကိုပင်လယ်လူ၏ မိသားစုဝင်များက တရားမျှတမှုရရှိစေဖို့ တောင်းဆိုထားသည်ဟု ခန္တီရွာသား တစ်ဦးက ပြောသည်။

ကိုပင်လယ်လူ အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်နိုင်ရန် အတွက် စုံစမ်းစစ်ဆေးမည့် အဖွဲ့ ကို ဖွဲ့စည်းပြီး စတင်စုံစမ်းနေပြီဖြစ်ကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့ – PRDF ရဲ့ တာဝန်ရှိသူ က “တပ်ဖွဲ့တစ်ဖွဲ့ကို ကိုယ်စားလှယ်နှစ်ဦးနှုန်းနဲ့ ဖွဲ့စည်း လိုက်တာပါ။ အဖွဲ့က ၅ ဖွဲ့ရှိနေတော့ ဆယ်ဦး ပါဝင်တာပေါ့။ တော်လှန်ရေးအဖွဲ့သား အချင်းချင်း သတ်တဲ့ ကိစ္စ ကို လက်မခံဘူး။ အမြန်ဆုံး ပေါ်ပေါက်စေချင်တယ်” ဟု ပြောသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲတွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO – တပ်ခွဲ(၅)၊ ပုလောပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ – PPDF၊ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ – PRDF ၊ ပုလောစစ်ကြောင်း (၁) နှင့် ဗိုလ်မိုးကြိုးအဖွဲ့တို့ ပူးပေါင်းပါဝင်ကာ အဆိုပါ အဖွဲ့ကို ဇန္နဝါရီလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

စုံစမ်းစစ်ဆေးရေးကို အချိန် ၂ ပတ်သတ်မှတ်ထားသော်လည်း စုံစမ်းမှုပြီးမြောက်သည့် အပေါ် မူတည်၍ အမြန် ဆုံး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူများက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း အကြားက ပဋိပက္ခများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး ခြင်းမှာ ပုလောမြို့နယ်အတွင်း ပထမဆုံးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။