ကော့သောင်းခရိုင်တရားရုံးက သူဌေးကျွန်း ဟိုတယ်ပိုင်ရှင်ကို ဖမ်းဝရမ်းထုတ်
သတင်းနှင့်မီဒီယာကွန်ရက်။
ဖေဖော်ဝါရီလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။
ထိုင်းအထူး စုံစမ်းရေးအဖွဲ့မှ ဖမ်းဝရမ်းထုတ်ထားသည့် ကော့သောင်းမြို့ သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင်ကို ကော့သောင်းခရိုင် တရားရုံးက ဖမ်းဝရမ်း ထပ်ဆင့်ထုတ်လိုက်သည်။
ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ် -၂၅၀ နေ ဦးကျော်လွင် ဆိုသူကို တရားမဝင် အွန် လိုင်း လောင်းကစားမှုများ ပြုလုပ်ခြင်း၊ ရရှိသောငွေကြေးများ၊ ပစ္စည်းများကို အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ် ခြင်းများ ပြုလုပ်သည်ဟု သံသယဖြစ်ဖွယ်ရာ တွေ့ရှိရခြင်းများကြောင့် အရေးယူနိုင်ရန် ဖေဖေါ်ဝါရီလ ၇ ရက်နေ့ က ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ သတင်းစာက ဖော်ပြထားသည်။
ထိုင်းအထူး စုံစမ်းရေးအဖွဲ့မှလည်း ထိုင်း – မြန်မာ နှစ်နိုင်ငံသား ခံယူထားသည့် သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင်ကို လောင်စာဆီတင်သွင်းသည့်နေရာတွင် အခွန်တိမ်းရှောင်ခြင်း၊ တရားမဝင်အွန်လိုင်းလောင်းက
စားပြုလုပ်ခြင်း စသည့်အမှုများနှင့်ပတ်သက်၍ အလိုရှိနေခြင်း ဖြစ်သည်။
ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှစပြီး သူဌေးကျွန်းဟိုတယ်တွင် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် အလုပ်မှလွဲ၍ ကာစီနိုကစားဝိုင်းများ အားလုံး ရပ်နားထားကာ ဝန်ထမ်းများလည်း အလုပ်နားထားရသည်ဟု ဒေသခံများက ပြောသည်။
ရွှေဟင်္သာ တောင်နောက်ရပ်ကွက်နေ ဆိုင်ကယ်ကယ်ရီ မောင်းနှင်တစ်ဦးက “ကာစီနိုရုံတွေ အလုပ်ပိတ်လိုက် တော့ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေ အားလုံး အိမ်ပြန်ကြရတာပေါ့၊ ကစား ဝိုင်းတွေမှာက မိန်းကလေး အလုပ်သမားက ပိုများတယ်” ဟု ပြောသည်။
ဦးကျော်လွင်နှင့် ဆက်နွယ်နေသည့် ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ နေရာ ၂၇ ခုကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ဝင်ရောက်စီးနင်း ရှာဖွေခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများမှ ဖော်ပြခဲ့သည်။
ဦးကျော်လွင်သည် Ko Fuk ဟု အမည်ရှိသော ဂိုဏ်းကို လွန်ခဲ့သော ၁၀ နှစ် ကတည်းက လုပ်ကိုင်နေခြင်းဖြစ်
ကြောင်း ထိုင်းသတင်းများက ဆိုထားသည်။
ထိုင်းဘတ် ၁၀ ဘီလီယံခန့် ငွေကြေးခဝါချမှုများနှင့် ပတ်သက်၍ ဦးကျော်လွင်အပါအဝင် ၁၈ ဦးကိုဖမ်းဝရမ်း
ထုတ်ထားပြီး ၇ ဦးကို ဖမ်းဆီးထားကာ ကျန် ၁၁ ဦးကို ဆက်လက်ရှာဖွေနေသည်ဟု ထိုင်းသတင်းများက ရေး
သားထားသည်။
လွတ်မြောက်နေသည့် ၁၁ ဦးထဲတွင် သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင်လည်း ပါဝင်သည်။
ထိုင်းအာဏာပိုင်တွေဘက်မှ ယခုကဲ့သို့ လုပ်ဆောင်လာပြီးနောက် ကော့သောင်းခရိုင် တရားရုံးမှ သူဌေးကျွန်းဟို
တယ်ပိုင်ရှင် ဦးကျော်လွင်ကို ဖမ်းဝရမ်းထုတ်လိုက်ခြင်း ဖြစ်သည်။
ဆီကျော်လွင်ဟု လူသိများသည့် ဦးကျော်လွင်သည် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ပုံမှန်ထက် ရင်းနှီးသည့် ဆက်ဆံ
ရေးရှိသူအဖြစ် နာမည်ကြီးသူဖြစ်ပြီး လောင်စာဆီတင်သွင်းဖြန့်ဖြူးရေးလုပ်ငန်း၊ ရေခဲစက်လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ခရီးသွားလုပ်ငန်းအပြင် ဆိပ်ခံဘောတံတားများလည်း ပိုင်ဆိုင်သူတစ်ဦးဖြစ်သည်။
လက်ရှိတွင် သူဌေးကျွန်းဟိုတယ်တွင် မြန်မာဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ဦးခန့် လာရောက်တပ်စွဲနေထိုင်ပြီး ဟိုတယ်အနီးရှိ ရေပြင်တွင်လည်း မြန်မာစစ်သင်္ဘောတစ်စီး ကျောက်ချထားသည်။