စာသင်ကျောင်းနှင့် အရပ်သားနေရာများအား ရည်ရွယ်ချက်ရှိရှိ တိုက်နေသည့် စစ်တပ်အား အမြန်ဆုံး အရေးယူရန် လိုအပ်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။

စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် ခွဲခြားခြင်းမရှိတော့သည့် စစ်ကောင်စီတပ်မှာ ဘုရားကျောင်းကန်များ၊ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ အပါအဝင် အရပ်သားနေရာများကိုပါ မချန် လေကြောင်း မှ တစ်ဆင့် ဗုံးကြဲတိုက်ခိုက်နေမှုများ အာဏာသိမ်းကာလအတွင်း ဆက်တိုက် လုပ်နေသည်။

ယခု ရက်သတ္တပတ်အတွင်း၌လည်း ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ဒေါဆီအီး နှင့် လွိုင်နန်း ဖကျေးရွာအနီးရှိ စာသင်ကျောင်းနှစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုထဲ ဒေါဆီအီးကျေးရွာ စာသင်ကျောင်း၌ စာသင်ကြားနေကြသော အသက် ၁၁ နှစ် မှ အသက် ၁၄ နှစ်အရွယ်ရှိ ကလေးငယ် ၄ ဦး သေဆုံးပြီး မူကြိုအရွယ် ကလေးတစ်ဦး အပါအဝင် ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အလားတူ လွိုင်နန်းဖကျေးရွာတွင်မူ အသက် ၄၀ အရွယ် ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး ဆရာမနှစ်ဦး အပါအဝင် ဒေသခံငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အားလုံးမြင်တွ့ခဲ့ကြတဲ့အတိုင်း ထပ်ပြောရရင်တော့ ဒါက စစ်ကောင်စီရဲ့ လေကြာင်း တိုက်ခိုက်မှုပါ။ ဖေ‌ဖော် ဝါရီ ၅ ရက်နေ့ ၁၀ နာရီနဲ့ ၁၁နာရီ ကြားမှာ စစ်တပ်က‌လေကြောင်းနဲ့ ဆယ်ကြိမ် ဗုံးနဲ့ချတယ်။ ပေါင် ၅၀၀ လို့ တော့ ကျနော်တို့ ယူဆရတယ်။ မျက်မြင်သက်သေတွေ ရှိတယ်။ ကျနော်တို့ လူတွေ ရှင်းရှင်းလင်းလင်းကို မြင် တွေ့ခဲ့ရတယ်။ ဒီနိုင်ငံမှာဗျာ လေယာဉ်နဲ့ တိုက်တယ်ဆိုတာ ဘယ်လက်နက်ကိုင် ဘယ်တိုင်းရင်းသား တော်လှန် ရေး အဖွဲ့က လုပ်နိုင်မှာလဲ မဟုတ်ဘူးလား။” 

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC) အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်က ပြောသည်။

သို့သော် အဆိုပါ လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုကို စစ်ကောင်စီတပ်က ၎င်းတို့ မလုပ်ခဲ့ဘူးဟု ငြင်းဆိုထား သည်။

အကြမ်းဖက် စစ်တပ်ကလွဲလို့ ဘယ်သူမှ လေယာဉ် မရှိဘူး။ အခု စစ်တပ်က ငြင်းတယ်ဆိုတာကတော့ အခုမှ ငြင်းတာမဟုတ်ဘူး။ ဒီဖြစ်စဉ်မှ ငြင်းတာမဟုတ်ဘူး။ ဒါက သူတို့ လုပ်ရိုးလုပ်စဉ် ဗြောင်ငြင်းတာ ဗြောင်လိမ်တာလို့ပဲပြာချင်ပါတယ် ဟု ခူးပလုရယ်က ဆက်ပြောသည်။

ဒေါဆီအီး နှင့် လွိုင်နန်းဖ ကျေးရွာအနီးရှိ စာသင်ကျောင်းနှစ်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက် ၍ အမျိုးသားညီညွတ်ရေး အစိုးရ NUG၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့ကလည်း အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရန် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက တိုက်တွန်းထားသည်။

ယခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့ မှ ဖေဖော်ဝါရီလ ၇ ရက်နေ့ အထိ နိုင်ငံတဝန်း စစ်တပ်၏ လေကြောင်း တိုက်ခိုက် မှုများကြောင့် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၄ ဦးနှင့် အမျိုးသားငယ် ၁၆ ဦး၊ စုစုပေါင်း ကလေးသူ ငယ် အယောက် ၂၀ ခန့် သေဆုံးခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှု အရ သိရသည်။

AAPP မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုထဲ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဒေါဆီအီး နှင့် လွိုင်နန်းဖ ကျေးရွာအနီးရှိ စာသင်ကျောင်းနှစ်ကျောင်း လေကြောင်းမှ ဗုံးကြဲခံခဲ့ရ သည့် ဖြစ်စဉ်လည်း ပါဝင်သည်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါဆီအီးကျေးရွာနှင့် လွိုင်နန်းဖကျေးရွာတို့က စာသင်ကျောင်းနှစ်ကျောင်းကို စစ်တပ်က လေယာဉ်နှင့် ၁၀ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်များ၊ လက်နက်ကြီးများနှင့်ပါ ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ဒေါဆီအီးကျေးရွာထဲက စာသင်ကျောင်းပေါ်  ဗုံးကျရောက် ပေါက်ကွဲခဲ့ပြီး စာသင်ကြားနေကြသော ကျောင်း သားများဖြစ်သည့် ခွန်းအယ်လယ်သ၊ ခွန်းအယ်ဒိုထူး၊ ခွန်းစန်းလှိုင်နှင့် ခွန်းခရစ္စတိုဖာတို့မှာ ဗုံးစထိမှန် သေဆုံးခဲ့ ပြီး အခြားကျောင်းသူ၊ ကျောင်းသား ၂၇ ဦးခန့်မှာ ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှု များကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၄,၅၀၀ ဦးနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၆,၀၁၃ ဦးထိ ရှိပြီဟုလည်း AAPP က ထုတ်ပြန်ထားသည်။

အဆိုပါ လူဦးရေစာရင်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ အထိ AAPP က ကောက်ယူ မှတ်တမ်းပြုစုထားခြင်းဖြစ်သည်။

ဒေါဆီအီး နှင့် လွိုင်နန်းဖ ကျေးရွာအနီးရှိ စာသင်ကျောင်းနှစ်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ် အပြင် နိုင်ငံတဝှမ်းတွင် ဖြစ်ပွားနေသည့် စာသင်ကျောင်းနှင့် အရပ်သားနေရာများတိုက်ခိုက်ခံနေရမှုမှာ စစ်ကောင်စီ တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု လေ့လာစောင့်ကြည့်နေသူများက သုံးသပ်ထားသည်။

စစ်ကောင်စီသည် စာသင်ကျောင်းနှင့် အရပ်သားများ ရှိသည့်နေရာများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် နေသည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC မှ ပြောသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဒေါဆီးအီကျေးရွာနှင့် လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း များအား စစ်တပ်က လေယာဉ်မှ လာရောက်ဗုံးကြဲခဲ့ရာ ကျောင်းသား ၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး 

အပြစ်မဲ့စစ်ရှောင် ပြည်သူ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု IEC မှ ထုတ်ပြန်ထားသည်။

ယခုတိုက်ခိုက်မှုမှာ ရည်ရွယ်ချက်ရှိရှိ လုပ်သွားခြင်း ဖြစ်သည်ဟု IEC အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်က ပြောသည်။

တော်လှန်ရေး တပ်ပေါင်းစုံတွေ သူတို့ကို တိုက်ခိုက်ရင် ဒီလိုပဲ လူထုတွေက ခံရမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ဒီတော်လှန်ရေး တပ်ပေါင်းစုံတွေနဲ့ လူထုကြားမှာလည်း အထင်မြင်မှားမှုတွေ ရှိအောင် ဖန်တီးတဲ့ ပုံစံမျိုးလည်း ဖြစ်တယ်လို့ သုံးသပ်တယ်။ ဒါသူတို့ သုံးနေကျ မသမာတဲ့ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတဲ့ နည်းလမ်းတွေ ပေါ့ နော်။ အဲ့လိုမျိုး ဖန်တီးနေတယ်လို့လည်း ပြောလို့ရတာပေါ့နော်။

စစ်လေယာဉ်သုံး ဗုံးကြဲမှုကြောင့် ကျောင်းဆောင်တစ်ခုလုံးလည်း ပြိုကျပျက်စီးသွားသည်ဟု ဒီးမောဆို အနောက်ဘက်ခြမ်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်က လေယာဉ်နှင့် မပစ်ခင်က ကင်းထောက်လေယာဉ်များ အရင်လာရောက်ပျံဝဲခဲ့ကြောင်း အဆိုပါ ဒေသ ရှိ စစ်ရှောင်များက ပြောသည်။

စစ်ကောင်စီသည် ဒေသခံပြည်သူများနှင့် တော်လှန်ရေးတပ်တို့ အကြား သွေးကွဲစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု CDM ဗိုလ်ကြီး ဖြိုးပြည့်က ပြောသည်။

အဓိက ရည်ရွယ်ချက်ကတော့ သူတို့ကို တိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ ဒေသခံပြည်သူလူထုတွေနဲ့ ရန်တိုက် ပြီးတော့ သူတို့ ခုခံတွန်းလှန်နေတဲ့ အင်အားစုတွေ အင်အား လျှော့နည်းသွားအောင်ရယ် သွေးကွဲသွားအောင်ရယ် ဝါဒဖြန့်တယ်။ ဆိုက်ဝါးတွေထည့်တယ်။ အဲ့လိုသဘောပါ။ သူတို့ဆီမှာရှိတဲ့ တယ်လီဂရမ်ချယ်နယ်တွေ အခြား ချယ်နယ်တွေမှာ အဲ့ဒီဟာတွေနဲ့ သူက ဝါဒပြန်ဖြန့်တာလေ။ နှစ်မျိုး သုံးမျိုးလောက် သုံးလို့ရတယ်။

CDM ဗိုလ်ကြီး ဖြိုးပြည့်က အဲ့ဒါကြီးကို လုပ်ပြီး အဲ့ဒီအမှုကြီးတွေ လုပ်ပြီးသွားရင် ဟိုဘက်ကို ချောက်ထိုးချ တယ်။ ဟိုကောင်လုပ်တာ ဒီကောင်လုပ်တာ အဲ့လိုပေါ့။ ဟိုအဖွဲ့အစည်း ကျူးလွန်တာ ဒီအဖွဲ့အစည်းက ကျူး လွန်တာဆိုပြီး သူတို့က ဗြောင်လိမ်ဗြောင်စား လုပ်ကြတာပေါ့ ဟု ပြောသည်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခံလိုက်ရသည့် စာသင်ကျောင်းမှာ အလယ်တန်း ကျောင်းဖြစ်ပြီး ကျောင်းသား အယောက် ၂၀၀ ကျော် ပညာသင်ကြားနေသည်။

တော်လှန်ရေးကာလ ၃နှစ်တာအတွင်း စစ်ကောင်စီ၏ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် အသက် ၁၈ နှစ် အောက် ကလေးငယ် အယောက် ၆၃၀ ကျော်သေဆုံးခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းပေါင်း ၅၂ ကျောင်းပျက်စီးခဲ့ရသည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ ဖေဖော်ဝါရီလ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။